သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာအနီး ညောင်လေးပင်-ကောက်မယ်သူ လမ်းပေါ်ရှိ တံတားနားမှာ စစ်ကောင်စီတပ်သားတွေက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော် ၁ ဦး နဲ့ ဒေသခံ ၇ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သားတွေက ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲ တိုက်ခိုက်ချိန်မှာ ဗုံးစထိမှန် သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။
"တံတားက မိုင်းခွဲခံထားရလို့ ဝါးတံတားလေးလုပ်ထားတာ။ အဲ့တော့ ဆိုင်ကယ်တွေက တစီးပြီးမှ တစီးဖြတ်သန်းရတော့ လူတွေကတန်းစီးစောင့်နေရချိန် ဒရုန်းဗုံးတွေကျရောက်ပေါက်ကွဲခဲ့တာ။ အဲ့တော့ တံတားအနီးမှာရှိနေသူတွေ ထိမှန်ကုန်တာ"လို့ ဒေသခံတဦးကပြောပါတယ်။
ဒရုန်းဗုံးထိမှန်ပြီး PDF ရဲဘော်ဂျက်ကီနဲ့ ကျောက်ကြီးမြို့၊ မေတ္တာရပ်ကွက်မှာ နေထိုင်ကြတဲ့ အသက် ၂၀ ကနေ ၄၅ နှစ်အတွင်းရှိ ကိုထွန်းလင်းအောင်၊ စောသတော၊ စောကော်မူးသ၊ ကိုအောင်နိုင်ဌေး၊ ကိုဇော်လင်းကိုကို၊ ကိုထွန်းသက်လွင်အောင်၊ ကိုကောင်းထက်ကျော် တို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးတဲ့ ဒေသခံအမျိုးသားတွေဟာ တက္ကစီမောင်းသူ၊ စျေးရောင်းစျေးဝယ်လုပ်သူတွေဖြစ်ပြီး ရဲဘော် ဂျက်ကီနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။
အထက်ပါ တံတားဟာ ၂၀၂၃ ခုနှစ်အတွင်း မိုင်းခွဲခံရတဲ့အတွက် တံတားတခြမ်း ပြိုကျပျက်စီးသွားတာကြောင့် ဆိုင်ကယ်နဲ့စက်ဘီးတွေသွားလာလို့ရအောင် ဒေသခံတွေက ဝါးနဲ့အစားထိုး ပြုပြင်သွားလာနေကြတာလို့လည်း ဆိုပါတယ်။
ဇန်ဝါရီ ၅ ရက်ကလည်း ညောင်လေးပင်အခြေစိုက် ခမရ ၂၀ ကပစ်တဲ့ လက်နက်ကြီးက ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာက နာရေးအိမ်ပေါ်ကျပြီး ဒေသခံ ၄ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ပုံစာ - ဒရုန်းဗုံးသီးချ တိုက်ခိုက်ခံရသည့် တံတားနေရာ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #ဒရုန်းဗုံးကြဲ #ဒေသခံ #PDF #သေဆုံး
Share Share Share