စစ်တပ်ကပစ်ကူပေးတဲ့လက်နက်ကြီးဗုံးသီး ရွှေဘိုမြို့ပေါ်  အောင်ဇေယျစျေးထဲကျလို့ ကလေးနဲ့အမျိုးသမီး ၄ ဦး ဒဏ်ရာရ

စစ်တပ်ကပစ်ကူပေးတဲ့လက်နက်ကြီးဗုံးသီး ရွှေဘိုမြို့ပေါ်  အောင်ဇေယျစျေးထဲကျလို့ ကလေးနဲ့အမျိုးသမီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ၊ အောင်ဇေယျစျေးအတွင်း လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲလို့ ကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ရွှေဘိုမြို့အခြေစိုက် အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဗုံးသီး ၁ လုံး ဟာ အဆိုပါတပ်နဲ့ ၁ ဖာလုံခန့်အကွာရှိ အောင်ဇေယျစျေးထဲရှိ ဆန်ဆိုင် ၁ ဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

" ဝက်သားတန်းကိုသွားတဲ့လမ်းက ဆန်ဆိုင်ပေါ်ကျတာ။ ဆန်တွေလည်းပြန့်ကျဲနေပြီးတော့ ဆန်တွေလည်းမဲလို့။ တဲတွေလည်းပြို။ အဲ့နားလေးကိုအကုန်လွင့်စင်သွားတာ "လို့ ရွှေဘိုမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီနေ့မနက်ပိုင်းမှာ ရွှေဘိုမြို့ပြင်၊ ကျွန်းတောကွေ့အနီး စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတာကို လေ့ကျင့်ရေး ၈ တပ်က လက်နက်ကြီးနဲ့ပစ်ကူပေးပစ်ခတ်နေတာဖြစ်ပြီး အဆိုပါလက်နက်ကြီး ပစ်ခတ်မှုတွေအနက် ဗုံးသီး ၁ လုံးက စျေးထဲကိုကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲတာကြောင့် စျေးအတွင်းရှိဆန်ဆိုင်ပိုင်ရှင် အသက် ၃၈ နှစ်အရွယ် ဒေါ်ခိုင်မို့မို့လင်း၊ အသက် ၁၀ နှစ်ခန့်ကလေး ၁ ဦးနဲ့ အသက် ၃၀ ကျော်နဲ့ ၆၀ ကျော်အရွယ် အမျိုးသမီး ၃ ဦးတို့ ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး ရွှေဘိုဆေးရုံကို ဒေသခံတွေက ကူညီပို့ဆောင်ပေးခဲ့ကာအဲဒီအထဲက ဗိုက်ပေါက်ထွက်ဒဏ်ရာရထားတဲ့ အမျိုးသမီး ၂ ဦးကိုတော့ မန္တလေးပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသထားရတယ်လို့ သိရပါတယ်။

လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲချိန်မှာ စျေးဆိုင်အများစုက စျေးသိမ်းနေချိန်ဖြစ်ပြီး စျေးသွားစျေးလာကျဲပါးနေချိန်ဖြစ်လို့ ထိခိုက်မှုနည်းပါးခဲ့တာဖြစ်ကာ အခင်းဖြစ်ပွားပြီးနောက် စျေးအတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး မှတ်တမ်းဓာတ်ပုံရိုက်တာနဲ့ အပျက်အစီးတွေရှင်းလင်းတာတွေ လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၇ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တဲ့လက်နက်ကြီးဗုံးသီး ဆိပ်သာကျေးရွာထဲ ကျရောက်ပေါက်ကွဲလို့ ရွာခံသားအမိ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #လက်နက်ကြီး #ပြည်သူ #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10