စစ်တပ်ကပျက်ကျခဲ့တဲ့ တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်းတစင်း တော်လှန်ရေးတပ်ဖွဲ့တွေရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာတရွာအနီးတောစပ်မှာ ကာလတန်ဖိုး ဒေါ်လာ ၂၆၀၀၀ ကျော်တန်ဖိုးရှိ စစ်ကောင်စီသုံး တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်း ၁ စီးကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ Salingyi Border Task Force - SBTF အဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခန့်မှာ အရာတော်ရှိ စစ်ကောင်စီတပ်သားတွေကနေ တော်လှန်ရေးအဖွဲ့တွေရဲ့တည်နေရာကို ထောက်လှမ်းရှာဖွေစဥ်မှာ ပျက်ကျခဲ့တာကြောင့် တွေ့ရှိသိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။

"တွေ့တာကတော့ တောထဲသွားတဲ့ ရွာသားတဦးက တွေ့တာပေါ့နော်။ သူကနေတဆင့် တော်လှန်ရေးအဖွဲ့တွေကိုအကြောင်းကြားလို့ သွားရောက်သိမ်းဆည်းခဲ့တယ်။ ဒရုန်းနဲ့ပတ်သက်တဲ့အချက်အလက်၊ တန်ဖိုးတွေကတော့ အင်တာနက်မှာရှာလိုက်တာ"လို့ Salingyi Border Task Force -SBTF အဖွဲ့ တာဝန်ခံ ကိုဘိုဘိုကပြောပါတယ်။

အဆိုပါ ဒရုန်းဟာ AheadX ဆိုတဲ့ တရုတ်ကုမ္ပဏီက ထုတ်လုပ်တဲ့ QP537 eVTOL ဒရုန်းဖြစ်နိုင်ပြီး Military Grade စစ်သုံးအဆင့် ထောက်လှမ်းရေးဒရုန်းမျိုးတော့ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ 

AheadX ရဲ့ ထုတ်ကုန်မှတ်တမ်းမှာတော့ QP537 ကို Medium-sized oil-powered eVTOL UAV လို့ ဖော်ပြထားပြီး ပြေးလမ်းတွေ၊ Catapult (လေပေါ်ရောက်အောင်တွန်းထုတ်ပေးသည့်အရာ)တွေမလိုဘဲ ထောင်လိုက်တက်ဆင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

အဲ့ဒီဒရုန်းတွေဟာ လေထဲမှာ ၈ နာရီလောက်အထိ ပျံသန်းနိုင်သလို အမြန်နှုန်း တနာရီကို ကီလိုမီတာ ၉၀-၁၄၀ လောက်အထိရှိကာ အကွာအဝေး ၁၆၀ ကီလိုမီတာအထိ Data link ချိတ်ဆက်ပြီး ထိန်းချုပ်မောင်းနှင်နိုင်ပြီး ဒရုန်းမှာအသုံးပြုထားတဲ့ ကင်မရာတွေကလည်း အဆ ၃၀ ထိ တိုးချဲ့ မြင်နိုင်တဲ့အတွက် မြေပြင်မြင်ကွင်းတွေကိုလည်း ရှင်းလင်းပြတ်သားစွာမြင်နိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကအသုံးပြုလာတဲ့ ထောက်လှမ်းရေးဒရုန်းတွေက အဆင့်မြင့်တာကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတိပြုသွားလာ လှုပ်ရှားကြဖို့လိုတယ်လို့ ကိုဘိုဘိုက ပြောပါတယ်။ 

ဒရုန်းကိုတွေ့ရှိချိန်မှာ ဒရုန်းအတွင်းပါဝင်တဲ့ စက်ပစ္စည်းအချို့ပျက်စီးနေပြီး အင်ဂျင်က အကောင်းတိုင်းရှိနေသေးတာကြောင့် နည်းပညာကျွမ်းကျင်သူတွေကို ပြသပြီး ပြုပြင်အသုံးပြုနိုင်အောင် လုပ်ဆောင်သွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။

စာတည်း - လင်း၊ တည်းဖြတ် - HP 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #ဒရုန်းရရှိ #စစ်ကောင်စီထောက်လှမ်းရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10