စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ဒဏ်ရာတွေနဲ့ မတ္တရာသံဃနာယက အတွင်းရေးမှူးဆရာတော် ပျံလွန်

စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ဒဏ်ရာတွေနဲ့ မတ္တရာသံဃနာယက အတွင်းရေးမှူးဆရာတော် ပျံလွန်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျောင်းထိုင်ဆရာတော် (မြို့နယ်သံဃနာယကအဖွဲ့အတွင်းရေးမှူး) ဥူးဝါယမ ဇန်နဝါရီ ၁၈ ရက်မှာ ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သက်တော် ၆၉ နှစ်ရှိ မြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူးဆရာတော် ဥူးဝါယမနဲ့ ကျောက်တံတားရွာ၊ ရေနားဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း ဥူးခေမာတို့ ၂ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။ 

(မတ္တရာမြို့နယ် သံဃနာယကအဖွဲ့အတွင်းရေးမှူးဆရာတော်အပါအဝင် ဘုန်းကြီး ၂ ပါး ဖမ်းဆီးခံရ)

ဖမ်းဆီးသွားပြီးနောက် ၂ ရက်အကြာ နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီခန့်မှာ အတွင်းရေးမှူးဆရာတော်ကို ဇီးဖြူပင်ကုန်းကျေးရွာအနီး လမ်းဘေးမှာ လည်ပင်း၊ နံရိုးဓားဒဏ်ရာတွေနဲ့ လာရောက်ပစ်ချသွားခဲ့လို့ ဆေးကုသပေးနေစဉ် ရရှိဒဏ်ရာတွေနဲ့ပဲ ဇန်နဝါရီ ၁၈ ရက်မှာ ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။

" သေလောက်ပြီထင်ပြီး အလောင်းလာပစ်သွားတာ။ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေပါတယ်လို့ သိရပါတယ်။ ဆရာတော်ကမသေဘဲ ဒကာ၊ဒကာမတွေက ကောက်ပြီး တိုးတိုးတိတ်တိတ် ဆေးကုပေးနေကြတာကနေ အခုမှပျံလွန်တာ"လို့ မတ္တရာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မတ္တရာမြို့နယ်သံဃနာယက အတွင်းရေးမှူးဆရာတော်ကို စစ်တပ်က နှိပ်စက်ပြီးနောက် စွန့်ပစ်ခဲ့ပေမယ့် ၎င်းနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဦးပဉ္စင်း ဥူးခေမာနဲ့ပတ်သက်လို့ ဘာမှမကြားရသေးသလို ဆရာတော်တွေကို ဘာကြောင့်ဖမ်းဆီးခဲ့သလဲဆိုတာကိုလည်း မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာသတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #သံဃနာယက #အတွင်းရေးမှူးဆရာတော် #စစ်ကောင်စီတပ် #ဖမ်းဆီးနှိပ်စက် #ပျံလွန်တော်မူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10