စစ်တပ်ကဖမ်းသွားတဲ့ အမျိုးသမီးတဦးကို အဓမ္မပြုခံထားရပုံနဲ့ သေဆုံးလျှက်ပြန်တွေ့

စစ်တပ်ကဖမ်းသွားတဲ့ အမျိုးသမီးတဦးကို အဓမ္မပြုခံထားရပုံနဲ့ သေဆုံးလျှက်ပြန်တွေ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေခဲပြန်ကျေးရွာကအမျိုးသမီးတဦး စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီးနောက် အဓမ္မပြုကျင့်ခံထားရတဲ့ပုံစံနဲ့ သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် မခင်မိုးမိုးဆွေရဲ့ရုပ်အလောင်းကို မတ်လ ၁၈ ရက်မနေ့ကနေ့လယ် ၁ နာရီလောက်က ရွှေခဲပြန်ရွာချောင်းအစပ်မှာတွေ့ခဲ့တာလို့ Bo Tiger အဖွဲ့မှ ဗိုလ်ကျားကြီးက မြေလတ်အသံကို ပြောပါတယ်။

“နယ်မြေရှင်းလင်းရေးလုပ်တာမှာ စစ်ကောင်စီသတ်ဖြတ်ထားတဲ့ အမျိုးသမီးရုပ်အလောင်း ၁ လောင်းတွေ့တယ်၊ အလောင်းကို ရွှေခဲပြန်ရွာချောင်းအစပ်မှာ တွေ့တာ၊ သူတို့သတ်ဖြတ်သွားတဲ့ပုံစံက အဓမ္မကျင့်သတ်ဖြတ်သွားတယ်လို့ ယူဆလို့ရတယ်၊ မီးတွေနဲ့လည်း အမျိုးသမီးရဲ့ တန်ဆာကို မြိုက်ထားတာ” လို့ ပြောပါတယ်။

အဆိုပါအမျိုးသမီးဟာ အဓမ္မပြုကျင့်ခံထားရတာ ဟုတ်၊မဟုတ်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ သူ့ရဲ့ရုပ်အလောင်းကိုတော့ မနေ့ကနေ့လယ် ၂ နာရီလောက်မှာပဲ ဒေသခံတွေကသင်္ဂြုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

သူ့ကိုဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်တွေက စစ်ကိုင်းအခြေစိုက် တမခ ၃၃ က စစ်သားတွေဖြစ်ပြီး မတ်လ ၁၇ ရက်က ရွှေခဲပြန်ရွာထဲကိုစစ်ကြောင်းထိုးချိန်မှာ ဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10