စစ်တပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်လို့ ကျောက်မှော်ရွာက ဆီစက်ဂိုထောင် မီးလောင်ပျက်စီး

စစ်တပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်လို့ ကျောက်မှော်ရွာက ဆီစက်ဂိုထောင် မီးလောင်ပျက်စီး

ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၉ ရက်မှာ လက်နက်ကြီးနဲ့ တတိယ အကြိမ်မြောက် ထပ်မံပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ဆီစက်ဂိုထောင် ၁ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ 

ကျောက်မှော်ကျေးရွာဟာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနောက်ဘက် ချင်းတွင်းမြစ် တဖက်ကမ်းမှာရှိတဲ့ ကျေးရွာဖြစ်ပြီး စုန်းချောင်း၊ သံဘို၊ ပတိန်ပြင်၊ ကျောက်မှော်ကျေးရွာတွေဟာ ချင်းတွင်း မြစ်ကမ်းတလျှောက်မှာ တည်ရှိနေတာပါ။ 

မုံရွာ နမခနဲ့ ၃ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ကျောက်မှော်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၃ ရက်မှာ ပထမအကြိမ်၊ ဇန်နဝါရီ ၁၅ ရက်မှာ ဒုတိယအကြိမ် နဲ့ ဇန်နဝါရီ ၁၉ ရက်မှာ တတိယအကြိမ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ 

ပထမအကြိမ်ဖြစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား ၄ ဦးအနက် အသက် ၈၉ နှစ်အရွယ် အဖွားအို ၁ ဦး ဘယ်လက်တဖက် ပြတ်တောက်ခဲ့ပြီး ဒုတိယအကြိမ်ပစ်ခတ်မှုမှာတော့ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ပါတယ်။ 

ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီအချိန်မှာလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ထဲကနေ လက်နက်ကြီးနဲ့ ၇ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ဆီစက်ဂိုထောင် ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အဲဒီဆီစက်ဂိုထောင်ပိုင်ရှင် မိသားစုဟာ စစ်ဘေးရှောင်နေတဲ့အတွက် ဂိုထောင်မှာ လူမရှိတာကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိခဲ့ပါဘူး။ 

"လက်နတ်ကြီးကျပြီး မီးက တန်းလောင်တာပဲ။ ၁၅ မိနစ်ကျော်လောက်နေမှ မီးကို သွားငြှိမ်းခဲ့ရတာ။ ည ၁၁ နာရီ လောက်မှာတော့ မီးငြိမ်းသွားတယ်။ " လို့ မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူတဦးက ဆိုပါတယ်။

တခြားလူနေအိမ်တွေကို ကူးစက်မီးလောင်ကျွမ်းတာ မရှိဘူးလို့ သူက ဆိုပါတယ်။ 

တတိယအကြိမ် လက်နက်ကြီး ကျရောက်မှုမှာလည်း ဒုတိယအကြိမ်ကျရောက်မှုဖြစ်ခဲ့တဲ့ အိမ်တွေဆီကို ထပ်မံကျရောက်တာတွေရှိပြီး အုတ်တံတိုင်းတွေ ထုတ်ချင်းပေါက် ပွင့်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ကျောက်မှော်ကျေးရွာဟာ လက်နက်ကြီး မကြာခဏ ပစ်ခတ်ခံရတာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပြီး ကျေးရွာစာသင်ကျောင်းကိုလည်း ဇန်နဝါရီ ၁၆ ရက်ကစပြီး ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။ 

ဇန်နဝါရီ ၁၄ ရက်မှာ အနောက်မြောက်တိုင်း(နမခ)စစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး တဲ့နောက် နမခ အနောက်ဘက်ရှိ ကျေးရွာတွေ စစ်ကြောင်းထိုးခံရတာ၊ လက်နက်ကြီးပစ်ခံရတာတွေဖြစ်ခဲ့သလို နမခ အရှေ့ဘက်ရှိ ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ရွာမီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။ 

သတင်း - ကျော်စွာ၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#ယင်းမာပင် #ကျောက်မှော်ကျေးရွာ #လက်နက်ကြီး #ဆီစက်ဂိုထောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10