စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကျောင်းဆရာ ၁ ဦးအပါ ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၅ လုံးပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာမှာ ၁၂၀ မမ လက်နက်ကြီးပစ်ခတ်ခံရလို့ ပြည်သူ ၂ ဦးထိခိုက်ကာ အိမ် ၅ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက် မနေ့ နေ့လယ် ၂ နာရီကျော်က မုံရွာ နမခကနေထွက်လာတဲ့ စစ်ကြောင်းဟာ ချင်းတွင်းမြစ်တဖက်ကမ်းက ဦးသာပုံကိုင်းကျေးရွာကို ရောက်ချိန်  ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ဦးခေါင်းထိသွားတဲ့လူက ကျောင်းဆရာ၊ သူ့အိမ်ကို ကျောင်းကနေ ခဏဆိုပြီး ပြန်သွားတုန်း အိမ်ရောက်တော့ ထိသွားတာ။ ကျောင်းမှာလည်း ကလေးတွေက လက်နက်ကြီးသံကြားတော့ ဗုံးခိုကျင်းတွေထဲ အလုအယက် ဝင်ပုန်းကြရတယ်။ အကြောက်လွန်ပြီး ငိုတဲ့ကလေးတွေကတော့ ငိုနေကြတာပေါ့။" လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။

ကျောက်မှော်ရွာက အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးကတော့ ဦးခေါင်းကို လက်နက်ကြီးစထိမှန်ကာ စိုးရိမ်ရပြီး အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးကတော့ ညာဘက်လက်မှာ မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာထဲက နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားကတော့ နီးစပ်ရာဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒေသခံတွေနဲ့ ဆက်သွယ်ကာ သတင်းမေးမြန်းနေတဲ့ မနေ့ ညနေ ၅ နာရီခန့်မှာပဲ မုံရွာ နမခရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ရှပ်ပြေးတောင်ကနေ လက်နက်ကြီးနဲ့ ၂ကြိမ် ပစ်ခတ်ခဲ့ကာ ကျောက်မှော်ကျေးရွာရဲ့ တရွာကျော်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုကတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း ကျောက်မှော်ကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၄ ဦး ထိခိုက်ကာ ၈၉ နှစ်အရွယ် အဖွားအို ၁ ဦးကတော့ ဘယ်လက် ၁ ဖက် ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကျော်စွာ၊ စာတည်း-ချယ်ရီ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင် #ကျောက်မှော် #လက်နက်ကြီး #ထိခိုက် #နမခ #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10