စစ်တပ်က လေကြောင်းကနေပစ်ခတ်လို့ ပြည်သူ ၃ ဦးထိခိုက်ပြီး နေအိမ်တွေပျက်စီး

စစ်တပ်က လေကြောင်းကနေပစ်ခတ်လို့ ပြည်သူ ၃ ဦးထိခိုက်ပြီး နေအိမ်တွေပျက်စီး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ဒေါင်းမို့၊ ဝါးပင်စုနဲ့ တောကြောင်ပေါက်ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ပြီး နေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနေ့က နေ့လယ် ၁၁ နာရီ မိနစ် ၅၀ ကနေ ၁၂ နာရီကျော်အထိ စစ်ကောင်စီဘက်က Mi - 35 ရဟတ်ယာဥ်နဲ့  ၅ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"လေကြောင်းလာပစ်တာက ကျန် ၂ ရွာကတော့ သိပ်မထိလိုက်ဘူး။ တောကြောင်ပေါက်ရွာက အများဆုံး ထိသွားတယ်။ လေကြောင်းနဲ့ဆိုတော့ ဒေသခံတွေလည်း ဘေးလွတ်ရာပြေးရတယ်"လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် တောကြောင်ပေါက်ကျေးရွာက အသက် ၁၀ နှစ်အရွယ် အောင်ခိုင်လေး၊ အသက် ၂၇ နှစ်အရွယ် မခင်ယုမေနဲ့ အသက် ၆၀ အရွယ် ဒေါညာဒါးမူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် တောကြောင်ပေါက်ကျေးရွာက စောမင်းမင်း၊ နော်အုန်းငွေ၊ စောကျော်မင်း၊ စောဇော်လွင်၊ စောရဲကိုကို၊ စောနေအောင်နဲ့ စောမျိုးဇော်ဦးတို့ရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

စစ်တပ်က ခုလို လေကြောင်းသုံးပစ်ခတ်တာကြောင့် တောကြောင်ပေါက်၊ ဒေါင်းမို့၊ ဝါးပင်စုအပါအဝင် အနီးကျေးရွာ ၅ ရွာက ဒေသခံရာချီ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း ကျောက်ကြီးမြို့နယ်၊ သမင်အင်းကုန်းရွာနဲ့ သဲကုန်းကျေးရွာကို စစ်တပ်ဘက်က Mi - 35 နဲ့ ၅ ကြိမ်၊ တိုက်လေယာဥ်နဲ့  ၂ ကြိမ် ဗုံးကြဲချ ပစ်ခတ်ခဲ့လို့ သမင်အင်းကုန်းရွာက နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #ဒေါင်းမို့ #ဝါးပင်စု #တောကြောင်ပေါက် #စစ်ကောင်စီ #ပစ်ခတ် #ထိခိုက် #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10