သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် စစ်တပ် အငြိမ်းစားဗိုလ်မှူးကြီးရဲ့ မိသားစုပိုင်ကုန်စုံဆိုင်အပါအဝင် နေအိမ် ၄ လုံးပျက်စီးခဲ့ပြီး သံဃာ ၁ ပါးနဲ့ အရပ်သား ၁ ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီဝန်းကျင်က ကျေးရွာထဲမှာရှိတဲ့ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ဖို့လာခဲ့ပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြန်သွားခဲ့ကာ ညနေ ၄ နာရီခန့်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာထဲကို လေကြောင်းနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"စကစဘက်က Mi 35 နဲ့ ပထမတခါ ရွာပတ်ပတ်လည်ကို စက်လက်နဲ့ ကုတ်(ပစ်)တယ်။ နောက်တခါကျတော့ ဂျက်ဖိုက်တာနဲ့ တက်လာပြီးတော့မှ အုတ်ကျောင်းတိုက်ကို ပစ်တယ်။ "လို့ ဒေသခံတဦးက ပြောပါတယ်။
လေကြောင်းနဲ့ ပစ်ခတ်ချိန် အုတ်ကျောင်းတိုက်မှာရှိတဲ့ သက်တော် ၃၇ နှစ်အရွယ် သံဃာ ၁ ပါးနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး ၂ ထပ်ကျောင်းဆောင် ၁ လုံးနဲ့ သံဃာတော်တွေ အသုံးပြုတဲ့ ကား ၂ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းတိုက်ကို လေကြောင်း တိုက်ခိုက်ပြီးနောက် ရုံးစည်ကြီးရွာထဲက မီးသတ်ရုံးနားနဲ့ ရွာသစ်ရပ်ကွက်တဝိုက်ကို လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ချိန် စစ်တပ် အငြိမ်းစား ဗိုလ်မှူးကြီးရဲ့ မိသားစုပိုင် ကုန်စုံဆိုင် အပါအဝင် နေအိမ် ၂ လုံးထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
"ဝေကြီးဆိုင်ကို ပစ်ခတ်တာ၊ ကုန်စုံဆိုင်ဖြစ်တော့ ဓာတ်ဆီတွေရှိတော့ မီးလောင်တယ်။ နောက်တခါ ရွာသစ်ဘက်ကို ရော့ကတ်နဲ့ ပစ်တယ်၊ အိမ်တွေက အပေါက်တွေဖြစ်တယ်။ ရော့ကတ်အခွံတွေက မြေကြီးထဲ စိုက်ဝင်နေတာရှိတယ်။ အဲ့တညနေတည်းကို စုစုပေါင်း ၆ ကြိမ် တိုက်ခိုက်ခဲ့တာ။”လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
အဆိုပါ မီးလောင်ပျက်စီးခဲ့တဲ့ ဝေကြီးကုန်စုံဆိုင်ဟာ စစ်တပ်က အငြိမ်းစား ဗိုလ်မှူးကြီး ကျော်ကျော်ဦးနဲ့ ညီဖြစ်သူ အဂတိတိုက်ဖျက်ရေးကော်မရှင်ညွှန်ချုပ် ဦးလွင်လွင်တို့ရဲ့ မိသားစုပိုင် ဆိုင်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် မိတ္ထီလာ တပ်မ ၉၉ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာကာ ကုန်စုံဆိုင်က လက်ကျန်ပစ္စည်းတွေကို ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်။
ရပ်ကွက် ၆ ခုနဲ့ အိမ်ခြေ ၁,၆၀၀ ကျော်ရှိတဲ့ ရုံးစည်ကြီးကျေးရွာမှာ ပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး တပ်မ ၉၉ စစ်ကြောင်းက တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကတော့ ဒီကနေ့ထိ ကျေးရွာထဲမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း တောင်သာမြို့နယ်၊ ရတနာပုံကျေးရွာအနီးတဝိုက်နဲ့ ဇရပ်ကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒေသခံ ၁ ဦး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဖမ်းဆီးထားတဲ့ ပျူစောထီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ချယ်ရီ
#မြေလတ်အသံ
#တောင်သာ #လေကြောင်းတိုက်ခိုက်မှု #အရပ်သား #ဒဏ်ရာရ #စစ်ကောင်စီ
Share Share Share