စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့ ထီးချိုင့်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်နဲ့ PDF ၂ ဦးသေဆုံး

စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့ ထီးချိုင့်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်နဲ့ PDF ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာလမ်းဆုံအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။ 

ဇန်နဝါရီ ၂၃ ရက်မနေ့က မနက် ၄ နာရီလောက်မှာ ဒေသအခြေစိုက်ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲချိန် ၂ နာရီကြာခဲ့ပြီး အဲ့ဒီအချိန်အတွင်းမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ် ၂ စီးပေါ်က ဗုံးကြဲ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ပြီး နောက်ထပ် ၁စီးနဲ့က လူအင်အားလာချခဲ့ပါတယ်။ 

ဒါ့အပြင် တိုက်ပွဲငြိမ်သွားချိန် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း အဆိုပါရဟတ်ယာဉ် ၃ စီးက အလားတူလုပ်ဆောင်မှုမျိုးကိုပဲ ပြုလုပ်ခဲ့တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ကျေးရွာပကဖ ခေါင်းဆောင်တဦးက ပြောပါတယ်။ 

"လေယာဥ် ၂ စီးကပစ်ပြီး ၁ စီးက လူချတယ်။ မနက် ပွဲဖြစ်နေတဲ့အချိန် ၅ နာရီခွဲမှာတကြိမ်၊ နေ့ခင်း ၂ နာရီလောက်မှာတကြိမ် လေယာဥ်ပစ်ပြီး အင်အားထပ်တိုးထားတယ်။ လေယာဥ်နဲ့ကြောင့်မို့လည်း အထိအခိုက်များသွားတယ်” လို့ ကျေးရွာပကဖခေါင်းဆောင်တဦးက ပြောပါတယ်။ 

မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိချက်အရ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း များခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကာကွယ်ရေးရဲဘော် ၂ ဦးလည်း သေဆုံးခဲ့ပြီး သူတို့ရဲ့အဖွဲ့နဲ့ အချက်အလက် အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။ 

ရဲဘော်တွေရဲ့အလောင်းကို ပြန်ကောက်ယူဖို့ ကြိုးပေမယ့်လည်း အလောင်းတွေအနီးမှာ စစ်ကောင်စီဘက်က စနိုက်ပါသမား ၃ ဦးချပြီး စောင့်နေတဲ့အတွက် သွားကောက်တဲ့ရဲဘော် ၁ ဦး ပစ်ခတ်ခံရလို့ ဒဏ်ရာရခဲ့ကာ အလောင်းကိုတော့ မယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် မနေ့ကညပိုင်းမှာလည်း တိုက်ပွဲဖြစ်တဲ့ မြတောင်ကျေးရွာအနီးက ဒေသခံနေအိမ် ၂ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တယ်လို့ ကျေးရွာပကဖခေါင်းဆောင်တဦးက ပြောပါတယ်။

လက်ရှိမှာ မြတောင်ကျေးရွာဘက်ကို စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ အင်အား ၃၀ ခန့် ထပ်တိုးထားသလို မြတောင်ကျေးရွာရဲ့တောင်ဘက် ၂ မိုင်အကွာက ငအိုးရွာဘက်မှာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #တိုက်ပွဲ #လေကြောင်း #ဗုံးကြဲ #တိုက်ခိုက် #စစ်သား #PDF #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10