စစ်တပ်ကသွားလာရေးကန့်သတ်ထားလို့ ရေဘေးသင့်ကျေးရွာ ၁၀၀ ကျော်မှာ လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမရ

စစ်တပ်ကသွားလာရေးကန့်သတ်ထားလို့ ရေဘေးသင့်ကျေးရွာ ၁၀၀ ကျော်မှာ လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမရ

စစ်ကောင်စီက သွားလာရေးကန့်သတ်ထားတာကြောင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာ ၇၀ ကျော်မှာ လုံလောက်တဲ့ကူညီထောက်ပံ့မှုတွေမရဘဲ လိုအပ်ချက်တွေရှိနေသေးတယ်လို့ ရေတာရှည်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၀၀ ကျော်မှာ လုံလောက်တဲ့ကူညီထောက်ပံ့မှုတွေမရတာလို့ ဆိုပါတယ်။ 

"အကူအညီက ဒီဘက်ခြမ်းကို စကစဘက်ကပိတ်ထားလို့ ဘယ်အကူအညီမှမလာရဲဘူး။ အဲ့တော့ နယ်မြေခံ ပကဖ၊ ၃၅၀၁၊ ၃၅၀၂၊ ပုဝါနီစစ်ကြောင်း၊ ED စစ်ကြောင်းတွေက ရှာကြံပြီးကျွေးရတာ။ ဆန်၊ ဆီ၊ စားကုန်တွေက ဝေမျှထောက်ပံ့ပေးနေရတယ်။ လုံလောက်မှုတော့ မရှိဘူး။ တနေ့သုံးနပ်တော့ ရအောင်ကျွေးတယ်။"လို့ ရေတာရှည်ခရိုင်ပကဖ စည်းရုံးရေးတာဝန်ခံ ဘချစ် က ပြောပါတယ်။

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ ဒေသခံကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ကျေးရွာ ၇၀ ကျော်ရှိကာ အဲ့ဒီကျေးရွာတွေကိုသွားဖို့ ရေနီ၊ ကျွဲရိုင်းပင်နဲ့ ငှက်ပျောတောတံတားတွေက ဖြတ်သန်းရမှာဖြစ်ပြီး တံတားဂိတ်တွေမှာ စစ်ကောင်စီအဖွဲ့တွေက ဂိတ်ချကာ ရေဘေးကယ်ဆယ်ရေးကားတွေကို မဖြတ်ခိုင်းတာကြောင့် ကူညီကယ်ရေးတွေမရောက်တာလို့ သိရပါတယ်။ 

စက်တင်ဘာ ၁၂ ရက်ကစပြီး စစ်တောင်းမြစ်ရေတက်လာလို့ ဆီမီးကန်၊ ဇေယျာသိမ်၊ ရေနီ၊ သရက်တော၊ ရဲကုန်း၊ အေးကြီးအထက်၊ အေးကြီးအောက်ရွာတွေအပါအဝင် ရွာပေါင်း ၁၀၀ ကျော် ရေဘေးသင့်ခဲ့တာပါ။ 

ရေဘေးသင့်သူတွေအတွက် ကူညီထောက်ပံ့ဖို့ ပြည်တွင်းပြည်ပရှိ အလှူရှင်တွေဆီကို အကူအညီတောင်းနေရသလို တပ်ဖွဲ့တွေအတွင်းရှိရိက္ခာတွေကနေ ခွဲခြမ်းပြီး မျှဝေပေးနေရတာတွေလည်းရှိတယ်လို့ စည်းရုံးရေးတာဝန်ခံ ဘချစ် က ပြောပါတယ်။

ဒါ့အပြင် ထောက်ပံ့ရေးလုပ်ငန်းစဥ်တွေအတွက် သွားလာဖို့ စက်လှေအလုံအလောက်မရှိတာကြောင့်  အကူအညီမပေးနိုင်တဲ့ကျေးရွာတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။ 

ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာ ၁၀၀ ကျော်ထဲက ၇၆ ရွာဟာ ဒေသခံတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ အတွင်းကဖြစ်ပြီး ကျန်ရွာတွေကတော့ တော်လှန်ရေးတပ်ဖွဲ့တွေရော စစ်ကောင်စီအဖွဲ့တွေကပါ လှုပ်ရှားသွားလာနေတဲ့ရွာတွေဖြစ်တယ်လို့ ကိုဘချစ်က ပြောပါတယ်။ 

ရေဘေးသင့်ရွာတွေက ပြည်သူတွေကတော့ စစ်ကောင်စီဘက်ကဖွင့်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ သွားနေသူတွေရှိသလို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဘက်က စီစဥ်ပေးထားတဲ့နေရာတွေမှာ နေထိုင်သူတွေလည်းရှိပြီး အဲ့ဒီမှာတော့ လူဦးရေ ၁ သောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၁၉ ရက် ဒီနေ့မှာ ရေအနည်းငယ်ပြန်ကျနေပေမယ့် ဒေသခံတွေဟာ နေအိမ်တွေကို မပြန်သေးတာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

ရေတာရှည်မြို့နယ် ရေကြီးမှုအတွင်းမှာ ရေဘေးကူညီရင်း နေပြည်တော်တိုင်းစစ်ဒေသ အမှတ် ၉၀၁ တပ်ရင်းက ရဲဘော် Eagle (ခ) နိုင်ကိုဇော် သေဆုံးခဲ့ပြီး၊ ရေစီးနဲ့မျောပါပြီးသေဆုံးသူ အမျိုသမီး ၂ ဦးနဲ့ လူငယ်အမျိုးသား ၂ ဦးရှိခဲ့ကာ ကလေး ၂ ဦးအပါအဝင် ၈ ဦးဒဏ်ရာရထားပြီး ရဲဘော် ၁ ဦးနဲ့ ပြည်သူ ၂ ဦး ပျောက်ဆုံးနေတယ်လို့ ရေတာရှည်ခရိုင်ပကဖ က စုစည်းထားတဲ့ စာရင်းအရ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #စစ်ကောင်စီ #ကန့်သတ် #ကူညီထောက်ပံ့မှု #လိုအပ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10