စစ်တပ်ကို ပြန်တိုက်ဖို့ ကမ္မမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ PDF ထံ အလင်းဝင်

စစ်တပ်ကို ပြန်တိုက်ဖို့ ကမ္မမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ PDF ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ မြို့မရဲစခန်းက ရဲတပ်သားတဦးဟာ စစ်ကောင်စီကို ပြန်လည်တော်လှန်ဖို့ People's Defence Force Kamma ထံ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ အဲဒီအဖွဲ့ဆီက သိရပါ တယ်။ 

ကမ္မမြို့ မြို့မရဲစခန်းက အသက် ၂၅ နှစ်အရွယ် ရဲတပ်သား ရန်နိုင်ထွန်းဟာ စက်တင်ဘာ ၁၂ ရက် ညပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့အကူအညီနဲ့ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

“သူက တခြားနယ်ကနေ ပြောင်းလာတာ။ နယ်မြေမကျွမ်းတော့ ကျနော်တို့ safe ဖြစ်တဲ့နေရာ (လုံခြုံတဲ့နေရာ)ကို လာခိုင်းပြီး ကျနော်တို့က သွားကြိုရတာ။ သူ ကမ္မမြို့ကို ပြောင်းလာတာ ၁ လကျော်ကျော်ပဲရှိဦးမယ်၊ သာကြီးတောင်ရဲစခန်းက ပြောင်းလာတဲ့ ရဲတပ်သားပါ။” လို့ People's Defence Force Kamma ဒုတာဝန်ခံက ပြောပါတယ်။

အဲဒီရဲတပ်သားဟာ အလင်းဝင်ဖို့ လွန်ခဲ့တဲ့ ၄ လ ကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားဖို့လည်းရှိတယ်လို့ ဆိုပါတယ်။ 

ရဲတပ်သား ရန်နိုင်ထွန်းဟာ အူဇီ ၁ လက်၊ အူဇီကျည်ဘောက် ၃ ခု ၊ G3 ကျည်ဘောက် ၄ ခု၊ G3 ကျည်နဲ့ အူဇီကျည် ၂၀၀ တောင့်ကျော် ယူလာခဲ့တာကြောင့် သူ့ကို ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ပေးမှာဖြစ်ပြီး လက်ရှိ စခန်းမှာပဲနေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီရဲတပ်တပ်သားအပါအဝင် People's Defence Force Kamma အဖွဲ့ထံ အလင်းဝင်လာတဲ့ ရဲတပ်သား စုစုပေါင်း ၈ ဦး ရှိပြီလို့လည်း ဒုတာဝန်ခံက ပြောပါတယ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #ကမ္မမြို့  #ရဲတပ်သား #PDF  #Kamma #အလင်းဝင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10