စစ်တပ်ကို ကျပ် ၄၀,၀၀၀ ပေးရတဲ့သတင်းထွက်လာပြီးနောက် တောင်သူတွေ ခံဝန်ထိုး ခြိမ်းခြောက်ခံရ

စစ်တပ်ကို ကျပ် ၄၀,၀၀၀ ပေးရတဲ့သတင်းထွက်လာပြီးနောက် တောင်သူတွေ ခံဝန်ထိုး ခြိမ်းခြောက်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ထဲက ကျေးရွာတချို့မှာ တောင်သူတဦးလျှင် ကျပ် ၄၀,၀၀၀ စစ်တပ်ကို ပေးရတဲ့သတင်းထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း တောင်သူတွေ ခံဝန်လက်မှတ်ထိုးပြီး ခြိမ်းခြောက်ခံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေလတ်အသံသတင်းဌာနက အောက်တိုဘာလ ၂၀ ရက်မှာ ဝေါမြို့နယ်၊ လက်ပံ၊ အုတ်ဖို၊ ပေါက်တန်း၊ တနော်ကျွန်းကျေးရွာတွေမှာ စစ်တပ်ထောင်ထားတဲ့မိုင်းတွေ ပြန်ဖြုတ်ပေးဖို့နဲ့ စပါးရိတ်ခွင့်ရဖို့ တောင်သူ ၁ ဦးကို ငွေကျပ် ၄၀,၀၀၀ စီ စစ်ကောင်စီတပ်ဖွဲ့ကို ပေးနေရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးတဲ့နောက်ပိုင်း အခုလို လက်မှတ်ထိုးရတာဖြစ်ပါတယ်။ 

အဲ့ဒီနောက် အောက်တိုဘ ၂၂ ရက်မှာ စစ်တပ်နဲ့ လက်ပံကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကျေးရွာရုံးကိုတောင်သူတွေကို ခေါ်ယူပြီး သတင်းနဲ့ပတ်သက်ပြီး မေးမြန်းတာ၊ လက်မှတ်ထိုးခိုင်းတာတွေ လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"အဲ့သတင်းထွက်ပြီးတော့ သတင်းကို ဘယ်သူကပြောလဲပေါ့။ သူတို့က တောင်းတာမဟုတ်ဘဲ။ တောင်သူတွေဘက်က လိုလိုလားလားပေးတယ်ဆိုတဲ့ ပုံစံပြောတာပေါ့။ ပြီးတော့ ဘာမှ မရေးထားတဲ့စာရွက်တွေမှာ လက်မှတ်ထိုးခိုင်းတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် နောက်တခါကျေးရွာထဲက သတင်းတွေကို ပြင်ပသတင်းဌာနတွေကို မဖြေဖို့နဲ့ ခြိမ်းခြောက်တဲ့ သဘောမျိုးပြောဆိုသွားတာတွေရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ လက်ပံရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရော ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေကိုပါ တောင်သူထံငွေတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက် မနက်ပိုင်းမှာ လက်ပံရွာမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရလို့ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရသွားပြီးနောက်ပိုင်း စစ်တပ်က လက်ပံကျေးရွာဝန်းကျင်ရှိ လယ်မြေတွေနဲ့ ရေဆိပ်တွေမှာ မိုင်းတွေ အများအပြားထောင်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာ ကျေးရွာ ၄ ရွာဝန်းကျင်ရှိ ကျွန်းရွှေဝါသောင်နဲ့ လက်ပံသောင်တွေမှာ စပါးစိုက်ထားတဲ့တောင်သူတွေ စပါးရိတ်ခွင့်ရဖို့ စက်တင်ဘာလကုန်ပိုင်းမှာ တောင်သူတဦးလျှင် ကျပ် ၁၅,၀၀၀ နှုန်းနဲ့ တောင်သူ ၁,၀၀၀ ကျော်လောက်က ငွေပေးခဲ့ရပါတယ်။

ဒါ့အပြင် လက်ပံကျေးရွာဝန်းကျင်အနီးမှာ စစ်တပ်ဘက်က မိုင်းထောင်ထားလို့ မိုင်းပြန်ဖြုတ်ဖို့ အောက်တိုဘာ ဒုတိယအပတ်လောက်မှာ တောင်သူတဦးလျှင် ၂,၅၀၀ ကျပ်နှုန်းနဲ့ တောင်သူ ၁၅၀ ခန့်က ငွေပေးခဲ့ရပါတယ်။

အဆိုပါ ကျေးရွာတွေက ပျူစောထီးတွေ သင်တန်းတက်ရောက်ဖို့ဆိုကာ စက်တင်ဘာလဆန်းပိုင်းမှာ တအိမ်ထောင်လျှင် ကျပ် ၁၀,၀၀၀ နှုန်းပေးခဲ့ရပါသေးတယ်။

မိုင်းပြန်ဖြုတ်ဖို့ တောင်သူတွေထံက ငွေကောက်သွားပေမယ့် အောက်တိုဘာ ၂၃ ရက်ထိ ပြန်မဖြုတ်ပေးသေးတာကြောင့် တောင်သူတွေမှာ စပါးရိတ်သိမ်းနိုင်ခြင်းမရှိသေးလို့ အခက်ခဲဖြစ်နေရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့  #စပါးရိတ် #တောင်သူ #စစ်တပ် #ပျူစောထီး #လက်မှတ်ထိုး #ခြိမ်းခြောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10