စစ်တပ်က ၆၀ မမနဲ့ ပစ်ခတ်မှုကြောင့် ခင်ဦးနယ်မှာ ၅ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

စစ်တပ်က ၆၀ မမနဲ့ ပစ်ခတ်မှုကြောင့် ခင်ဦးနယ်မှာ ၅ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်အုပ်စုက ၆၀ မမ နဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၉ ရက်ဒီနေ့မနက် ၆ နာရီမှာတော့ ပျူစောထီးတွေနဲ့စစ်တပ်တို့ ပူးပေါင်းတပ်စွဲထားတဲ့ ရွာသစ်ကုန်းကျေးရွာနဲ့ အင်းပတ်ကွေ့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ် ၁၀၀ လောက်ဟာ ပစ်ခတ်ပြီး အင်းပတ်ကွေ့ကျေးရွာထဲကို ဝင်ရောက်ဖို့ ကြိုးစားလာတယ်လို့ Khin Oo Support Organizations(KSO) အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင် က ပြောပါတယ်။

အင်းပတ်ကျေးရွာနားအရောက်မှာ ကြိုတင်ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲခဲ့ပြီး စစ်ကြောင်းက ရှေ့ဆက်မတိုးဘဲ နေရာကနေ ၄၀ မမ၊ ၆၀ မမ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့သလို ရေဦးတိုင်းရင်းဆေးရုံဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်ကူတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"သူတို့(စစ်ကြောင်း)ဘက်က ပစ်တဲ့အသံတွေကိုနားထောင်ပြီး ကျနော်တို့က ထောင်ထားတဲ့မိုင်းတွေကို ဆက်တိုက်ဖောက်ခွဲလိုက်တယ်။ အဲဲဒီနောက် စစ်ကြောင်းကနောက်ပြန်ဆုတ်သွားတယ်" လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။

ရေဦးတိုင်းရင်းဆေးရုံက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ဟာ အင်းပတ်ရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ မရမ်းအင်းကျေးရွာဘက်ကို ကျရောက်ခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အဲဒီအထဲကမှ အသက် ၁၃ နှစ်အရွယ်ယောင်္ကျားလေး ဟာ ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီလိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာပြင်းထန်ပြီး ရွာသစ်ကုန်းဘက်က ထော်လာဂျီနဲ့ ရေဦးတိုင်းရင်းဆေးရုံဘက်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်ကို ဒီနေ့မနက်မှာ စစ်တပ်ကစစ်ကြောင်းတရစပ်ထိုးနေပြီး ရွှေဘိုမြို့နယ်နဲ့အစပ်မှာလည်း ရွှေဘိုမြို့လေ့ကျင့်ရေး(၈)က ထွက်လာတဲ့စစ်ကြောင်းဟာ ရွာသန်းကျေးရွာကိုပစ်ခတ်ဝင်ရောက်လာပြီး ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်ကစစ်ကြောင်းတွေကြောင့် ရွာသန်း၊ ရေအေးကုန်း၊ ကျီးကန်၊ လက်ပံလှ၊ အင်းပတ်၊ မရမ်းအင်းကျေးရွာတွေအပါအဝင် ဒေသခံ ၈၀၀၀ ကျော်ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ခင်ဦးမြို့နယ် #စစ်ရှောင် #စစ်ကောင်စီ #လက်နက်ကြီး #KSO

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10