စစ်တပ်က ကင်းစခန်းဆောက်ရန် ဇီးကုန်းမြို့အဝင်ရှိ ဆိုင်ခန်း ၅၀ ကျော်ကို အဓမ္မဖျက်ခိုင်း

စစ်တပ်က ကင်းစခန်းဆောက်ရန် ဇီးကုန်းမြို့အဝင်ရှိ ဆိုင်ခန်း ၅၀ ကျော်ကို အဓမ္မဖျက်ခိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အဝင်ရှိ ဆိုင်ခန်းပေါင်း ၅၀ ကျော် စစ်ကောင်စီက အတင်းအဓမ္မဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီက ကင်းစခန်းတခုတည်ဆောက်ရန် ဆိုင်ခန်းပိုင်ရှင်တွေကို ဖိအားပေးပြီး အမြန်ဖျက်သိမ်းခိုင်းနေတာလို့ သိရပါတယ်။ 

"စစ်တပ်ကင်းစခန်းဆောက်ဖို့ဆိုပြီး လာပြောသွားတယ်။ တပတ်အတွင်း ဖယ်ပေးရမယ်။ မဖယ်ရင် ဘူဒိုဇာနဲ့ ထိုးမယ်၊ မီးရှို့မယ်ဆိုလို့ အခု ဖယ်နေကြရတယ်။ ကုန်သလောက်တောင်ရှိနေပြီ" လို့ ကန့်ဘလူမြို့နယ်က ဒေသခံအရင်းအမြစ်တဦးက ပြောပါတယ်။ 

ဒေသခံဆိုင်ခန်းရှင်တွေဟာ စစ်တပ်အမိန့်ကြောင့် အရေးပေါ်မဖြစ်မနေဖယ်ရလို့ နေစရာမရှိတော့သလို ကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးကြရတယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်မြေနေရာတွေကို ဖယ်ရှားပေးလိုက်ရတာဖြစ်ပေမယ့် စစ်တပ်နဲ့ မြို့တာဝန်ရှိသူတွေဘက်က လျော်ကြေး တစုံတရာပေးအပ်တာလည်း မရှိဘူးလို့ သိရပါတယ်။

အဆိုပါ ဇီးကုန်းမြို့အဝင်က ဆိုင်ခန်းတွေဟာ ဆိုင်တဆိုင်ကို ကာလပေါက်စျေး ကျပ်သိန်း ရာချီတန်ဖိုးရှိကာ စက်သုံးဆီအရောင်းဆိုင်၊ ကုန်စုံဆိုင်၊ အစားအသောက်ဆိုင်တွေဖြစ်ပြီး ဆိုင်နဲ့ အိမ်တွဲလျက်နေထိုင်သူတွေများတယ်လို့ ဆိုပါတယ်။

အဆိုပါ ဆိုင်ခန်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဒေသခံတွေက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ မြေပိုင်ရှင်တွေဆီကနေ ကာလပေါက်စျေးအတိုင်း ဝယ်ယူနေထိုင် ဆိုင်ဖွင့်ထားကြတာလို့ သိရပါတယ်။

ဓါတ်ပုံ - Infinity group 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ဇီးကုန်းမြို့ #ဈေးဆိုင်ခန်း #စစ်ကောင်စီ #အတင်းအဓမ္မဖယ်ရှား #ကင်းစခန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10