စစ်တပ်က စာသင်ကျောင်းကိုစီးနင်းလို့ ဆရာ၊ ဆရာမနဲ့ ကလေးတွေ ကျောင်းပိတ်ပြီးတိမ်းရှောင်နေရ

စစ်တပ်က စာသင်ကျောင်းကိုစီးနင်းလို့ ဆရာ၊ ဆရာမနဲ့ ကလေးတွေ ကျောင်းပိတ်ပြီးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းကာ ဖမ်းဆီးဖို့ကြိုးစားခဲ့တာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၉ ရက် မနေ့မနက် ၈ နာရီလောက်မှာ အင်အား ၃၀ ဝန်းကျင်ပါတဲ့ တပ်မ ၇၇ က စစ်ကြောင်းဟာ နဘားရွာကနေ ကားနဲ့ထွက်လာပြီး အထက်ပါစာသင်ကျောင်းကို ရုတ်တရက် ဝင်စီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“စာသင်ကျောင်းကို ဝင်စီးဖို့လာတဲ့အခါ ကျောင်းသားတယောက်က မြင်လိုက်လို့ အကုန်ထွက်ပြေးလိုက်နိုင်တယ်၊ ခြေလျင်စစ်ကြောင်းဆိုရင် အသာလေးရှောင်တိမ်းလို့ရတာပေါ့၊ ခုကျ ကားနဲ့ ရောက်လာတော့ ကပ်ကာ လွဲကာ ရှောင်တိမ်းလိုက်ရတယ်၊ ခုလောလောဆယ်တော့ စာမသင်ဘဲ ရပ်ထားရတာပေါ့။”လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီကျောင်းဟာ NUG လက်အောက်ခံအဖြစ် စာရင်းသွင်းထားတဲ့ ကျောင်းဖြစ်ပြီး သတင်းပေးတွေရဲ့ တိုင်ကြားမှုကြောင့် ခုလိုဝင်ရောက်စီးနင်းခဲ့ကာ ကျောင်းကိုတော့ ဖျက်ဆီးမှုတွေ လုပ်မသွားဘူးလို့ ဆိုပါတယ်။ 

အင်းတော်မြို့နယ်မှာ အခုလက်ရှိ တပ်မ ၇၇ က စစ်ရေးလှုပ်ရှားနေပြီး အရင်က ခြေလျင်စစ်ကြောင်းသာ ထွက်ရဲပေမယ့် အခုနောက်ပိုင်းမှာတော့ ဒေသကာကွယ်ရေးအဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုနည်းသွားတာကြောင့် ကားနဲ့ စစ်ကြောင်းထိုးတာမျိုးတွေ ပြန်လည်လုပ်ဆောင်လာတာလို့ သိရပါတယ်။

“အရင်တုန်းက **တွေက အဲ့လို ကားတွေနဲ့ မလာရဲဘူး၊ ခြေလျင်စစ်ကြောင်းပဲ သွားရဲတယ်၊ အခုကျတော့ တအားကို အတင့်ရဲနေပြီ၊ နေရာတကာ သွားနိုင်၊ လာနိုင်၊ ဖမ်းဆီးနိုင်နေပြီ၊ ၂၀၂၂  နှစ်လပိုင်းလောက်မှာ ကားနဲ့ထွက်တိုင်း ပစ်ခံရ၊ မိုင်းဆွဲခံရဆိုတော့ သူတို့မထွက်တော့ဘူး၊ ခု  ၂၀၂၃ ဧပြီလလောက်ကစပြီး ကားနဲ့ပြန်ထွက်တာ။”လို့ အဆိုပါဒေသခံက ပြောပါတယ်။

ဒါ့အပြင် ယခု စက်တင်ဘာလက စတင်ကာ အင်းတော်စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်တွေက အစစ်ဆေးတင်းကြပ်နေပြီး အသက် ၂၀ ဝန်းကျင် အမျိုးသား၊ အမျိုးသမီးတွေလည်း နေ့စဉ်ဆိုသလို ဖမ်းဆီးခံနေရတယ်လို့ သိရပါတယ်။

ပုံစာ - ဝင်ရောက်စီးနင်းခံရသည့် နတ်မဟုတ်ကလေးကျေးရွာ စာသင်ကျောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #အင်းတော် #စစ်ကောင်စီ #စာသင်ကျောင်း #စီးနင်း #တိမ်းရှောင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10