စစ်တပ်က တပ်စွဲထားတဲ့ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခံရလို့ ၅ဦးထက်မနည်းသေဆုံးနိုင်( ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြိုနယ်၊ ကူတော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅ ဦးထက်မနည်းသေဆုံးတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်မှာ အင်အား ၇၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို လက်နက်ကြီး အချက်ရေ ၅၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingyi Border Task force တာဝန်ရှိသူက ပြောပါတယ်။

"သူတို့က ကူတော်ရွာမှာ တပ်စွဲထားတာ ၉ လကျော်လောက်ရှိပြီး။ သူတို့ရှိကတည်းက ဒေသခံတွေက ရွာမှာ မနေရဲတော့ဘူး။ မနေ့ကတော့ သူတို့တပ်စွဲထားတဲ့နေရာကို အဖွဲ့စုံနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်။ ၆၀၊ ၈၀၊ ၁၂၀ တွေ အလုံးရေ တော်တော်များများနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ တပ်စွဲထားတဲ့နေရာတွေနားကို ကျရောက်ပေါ​က်ကွဲတာတွေရှိတယ်"လို့ပြောပါတယ်။

PDF တွေဘက်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဘက်ပေါင်းစုံက တိုက်ခိုက်လို့ စစ်ကောင်စီဘက်လည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာရှိပြီး ကျေးရွာထဲကနေ ထွက်တိုက်တာမရှိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို သိမ်းပိုက်ဖို့ ကြိုးစာခဲ့ပေမယ့် ကျေးရွာဝန်းကျင်မှာ နင်းမိုင်း၊ လက်နက်ကြီးအထိုင်နေရာတွေနဲ့ စနိုက်ပါသမားတွေ ရှိနေလို စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အဲဒိတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ SBTF ပကဖ၊ မြွေဆိုးတစ်သိုက် PDF ယင်းမာပင်၊ စစ်ကျွန်မခံ မြွေဆိုးတစ်သိုက်တပ်ခွဲ(၃)ယင်းမာပင်၊ EDF(Salingyi)၊ Rainbow People Defence force(Butalin)၊ MST PDF အပါအဝင် မဟာမိတ်အဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ ဘုတလင်မြို့ပေါ်မှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်စုစည်းနေပြီး ကူတော်ဘက်ကို စစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တက်လိုင်းရွာကို စစ်ကောင်စီတပ်ဝင်ရောက်လာလို့ ပစ်ခတ်မှုဖြစ်ပြီး ကျေးရွာလုံခြုံရေးအဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10