စစ်တပ်က တပ်စွဲထားတဲ့ ရွာကို လက်နက်ကြီးအချက် ၁၀၀ ကျော် ပစ်ခံရလို့ ထိခိုက်သေဆုံးမှုရှိနိုင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ဇီးဖြူကုန်းရွာက စစ်သားနဲ့ ပျူစောထီးတွေကို မေလ ၂ ရက် ဒီနေ့ မနက် ၅ နာရီခွဲကနေ ၇ နာရီအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Toe Na Yar PDF အဖွဲ့ဆီက သိရပါတယ်။

ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းကာ လက်နက်ကြီး ၂၅ ဆိုင်းခွဲပြီး ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ၊ ၁၂၀ မမ တွေနဲ့ ပစ်ခတ်ခဲ့ကာ ပျူရွာကို သိမ်းဖို့အထိ ရည်ရွယ်ထားပေမယ့် ကျည်မလုံလောက်တော့လို့ ရှိသလောက်နဲ့သာ ပစ်ခဲ့ပြီး ပြန်အထွက်မှာ ပျူအိမ် ၁ လုံးကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။


"အဲ့လို ပစ်ခတ်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ အတိအကျမသိရတာက အရင်တုန်းက ရှိနေတဲ့ ဖရဲသီးတွေ အခုမရှိတော့လို့ပါ။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တဲ့အပြင် ကာဘိုင်နဲ့လည်း ပစ်တယ်" လို့ Chindwin Toe Na Yar PDF အဖွဲ့ခေါင်းဆောင် ဗိုလ်မြကြီးက ပြောပါတယ်။

မကြာသေးမီကပဲ စစ်ကောင်စီ တပ်စွဲထားတဲ့ ဇီးဖြူကုန်းရွာမှာ စစ်သားနဲ့ ပျူ‌စောထီး အင်အား ထပ်ဖြည့်ထားပြီး လက်ရှိ ၁၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ ကိုဂျိုး (မန္တလေးခရိုင် တပ်ခွဲ၄) ၊ သခင်းဒေါင်းညို၊ ဟိန္နက ၊ ယင်းမာပင်တပ်ရင်း၂၉ဒေါင်းမင်း ခွဲ ၃၊ တော်လှန်ရေး ကြယ်နီ တပ်ခွဲ ၊ YMB ဒရုန်း၊ ရင်း ၁၉ ပုလဲဂျော်ကာ၊ Myanmar National Armed Force၊ Golden Star Force၊ Real Hero၊ ဗမာ့ဒေါင်း၊ ရဲကျော်ပျောက်ကြားတပ်ဖွဲ့၊ ဘာမထီ ပွဲတိုင်းကျော်၊ တောသားကြီး၊ စွန်ရဲ၊ အင်ကြင်းမြေစစ်ဘီလူး၊ အာဠာဝက၊ ရွှေဟင်္သာ၊ စစ်ကျွန်မခံမြွေဆိုးတစ်သိုက်၊ Chindwin Revolutionary Fighter နှင့် စက်ကားလတ် မဟာမိတ်ပူပေါင်းအဖွဲ့တို့ ပူးပေါင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ညပိုင်းကလည်း ဆားလင်းကြီးမြို့ ရဲစခန်းကို Chindwin Toe Na Yar PDF အဖွဲ့က လက်နက်ကြီးတွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10