စစ်တပ်က မန်ကျည်းစုရွာက အိမ် ၁ လုံးကိုမီးရှို့ပြီး တန်ဖိုးရှိပစ္စည်းတွေကိုယူ၊ ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး

စစ်တပ်က မန်ကျည်းစုရွာက အိမ် ၁ လုံးကိုမီးရှို့ပြီး တန်ဖိုးရှိပစ္စည်းတွေကိုယူ၊ ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မန်ကျည်းစုကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ် ၁ လုံးကို မီးရှို့ ကာ တန်ဖိုးရှိပစ္စည်းတွေယူတဲ့အပြင် ဒေသခံ ၂၀ ကျော်ကိုပါ လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်လို့ မြင်းခြံမြို့နယ် ပကဖ ဆီက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီအင်အား ၂၀ ကျော်ပါတဲ့အဖွဲ့က ကျေးရွာထဲကို ဝင်လာပြီး ထွက်မပြေးနိုင်တဲ့ အမျိုးသမီးနဲ့ သက်ကြီးပိုင်းတွေကို ရွာထဲမှာ စုထိုင်ခိုင်းကာ လူနေအိမ် ၁ လုံးကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

"စကစ စစ်ကြောင်းလာတော့ ပြေးနိုင်သူတွေ ပြေးကြတယ်။ မပြေးနိုင်သူတွေကို သူတို့က ရွာထဲမှာ စုခိုင်းပြီး တန်ဖိုးရှိ ရွှေတွေ၊ ငွေတွေ ဖြုတ်ယူတယ်။ အိမ်တွေကိုလည်း တက်မွှေသွားတယ်" လို့ မြင်းခြံမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီတပ်တွေ မီးရှို့လို့ နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေဆီက ရွှေငွေတွေနဲ့ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မွန်းလွဲ  ၂ နာရီကျော်မှာ ရွာကနေ ထွက်သွားပြီး ကျေးရွာကထွက်သွားချိန် ကလေး၊ လူကြီး ၂၀ ကျော်ကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ချိန် ဒေသခံ ၄၀၀ လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စစ်ကြောင်းပြန်ထွက်သွားချိန် ဒေသခံတွေဟာ ရွာထဲကို ပြန်ဝင်လာကြပြီလို့ ဆိုပါတယ်။ 

အဆိုပါ ကျေးရွာဟာ မေလ ၂၄ ရက်က စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာချိနိ မီးရှို့လို့ နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အသက် ၆၀ ကျော်အရွယ် ဒေါ်အေးကြိုင်ဆိုသူမှာ မီးလောင် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံမြို့ #မန်ကျည်းစုကျေးရွာ #စစ်ကောင်စီ #နေအိမ် #မီးရှို့  #တန်ဖိုးရှိပစ္စည်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10