စစ်တပ်က လက်နက်ကြီး နေ့တိုင်းပစ်နေလို့ ခရီးသွားတွေနဲ့ဒေသခံတွေ ကျည်ထိမှာ စိုးရိမ်နေရ

စစ်တပ်က လက်နက်ကြီး နေ့တိုင်းပစ်နေလို့ ခရီးသွားတွေနဲ့ဒေသခံတွေ ကျည်ထိမှာ စိုးရိမ်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော် စစ်ကောင်စီလက်နက်ကြီးကုန်းက လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတာကြောင့် ခရီးသွားဧည့်သည်နဲ့ ဒေသခံတွေ ကျည်ထိမှန်မှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ 

ဇွန်လဆန်းပိုင်းက စတင်ကာ အင်းတော်မြို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဘက်က နဘား၊ ကမ်းနီကျေးရွာအပါအဝင် အနီးအနားက ရွာတွေဘက်ကို နေ့တိုင်းနီးပါး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

"နဘားလမ်းဆုံမှာက ထမင်းဆိုင်တန်းရှိတယ်။ အင်းတော်ကိုဖြတ်မယ့် ကားတွေက ညနေ ၆ နာရီနောက်ပိုင်း နဘားလမ်းဆုံရောက်လာရင် အဲမှာပဲ ကားတွေက ညအိပ်ရတာများတယ်။ စကစ က လက်နက်ကြီးတွေ ပစ်နေတော့ ထမင်းစားတာတောင်မှ ကမန်းကတန်းစားပြီး ကျည်လွတ်မယ်ထင်တဲ့ နေရာမှာ နေနေကြရတာ။ ဘယ်အချိန် ကိုယ့်အနား လက်နက်ကြီးကျလာမလဲဆိုတာ စိုးရိမ်နေရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ တခါတရံ အင်းတော်မြို့မှ ၄ မိုင်အကွာအဝေးမှာရှိတဲ့ နဘားလမ်းဆုံနား ကျရောက် ပေါက်ကွဲတာတွေရှိလို့ ဒေသခံတွေလည်း ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အင်းတော်မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ည ၆ နာရီမှ နောက်တနေ့ မနက် ၆ နာရီအတွင်း အင်းတော်မြို့ထဲကို ဖြတ်သန်းသွားလာခွင့်မရလို့ ခရီးသွားကားတွေဟာ နဘားလမ်းဆုံမှာ ညအိပ်ရပ်နားရတယ်လို့ ဆိုပါတယ်။

ဇွန် ၂၁ ရက် ညနေ ၆ နာရီခန့်မှာ  အင်းတော်လက်နက်ကြီးကုန်းမှ နဘားရွာဘက်သို့ လက်နက်ကြီးနဲ့  ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားလမ်းဆုံအနီး စော်မော်ချောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပင်ဝယ်ရွာမှ သုံးဘီးမောင်းသူ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဝမ်းဗိုက်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၂ ရက်မှာလည်း စစ်ကောင်စီဘက်က နဘားရွာဘက်ကို အကြောင်းမဲ့ လက်နက်ကြီးနဲ့ ဆက်လက် ပစ်ခတ်ခဲ့ရာ ကမ်းနီရွာအနီး‌ လယ်ကွက်ထဲကို  ကျရောက်ပေါက်ကွဲခဲ့လို့ လယ်ထဲရှိနေတဲ့ ၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့  အသက်၂၅ ကျော်အရွယ် မိခင်တစ်ဦး ထိခိုက်ခဲ့ပါသေးတယ်။ 

 

ပုံစာ - နဘားလမ်းဆုံ။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်းဒေသကြီး #အင်းတော်မြို့ #စစ်ကောင်စီ #လက်နက်ကြီး #နဘား #ကမ်းနီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10