စစ်တပ်က သလွန်ဖြူရွာသား ၇ ဦးကိုသတ်ပြီး ဒေသခံ ၄၀ ကိုဖမ်းဆီးထား

စစ်တပ်က သလွန်ဖြူရွာသား ၇ ဦးကိုသတ်ပြီး ဒေသခံ ၄၀ ကိုဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက်ဘက်ရှိ သလွန်ဖြူရွာကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက စစ်ကြောင်းထိုးပြီး ရွာသား ၇ ဦးကို သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သလွန်ဖြူကျေးရွာကို စက်တင်ဘာ ၁၅ ရက်ကစတင် စစ်ကြောင်းထိုး၀င် ရောက်လာပြီး သတ်ဖြတ်မှုတွေကိုတော့ စက်တင်ဘာ ၁၆ ရက်မှာ လုပ်‌ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

"သတ်ခံရတဲ့အထဲမှာ အသက်မပြည့်တဲ့ ကလေးတွေလည်းပါတယ်။ ရွာသား ၇ ဦးကို စစ်ကြောင်းထိုး၀င်တဲ့အချိန်မှာ ပစ်သတ်သွားတယ်။ သတ်ခံရတဲ့သူတွေက သာမန်အရပ်သား ရွာသားတွေပါပဲ"လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်မှာ မန္တလေး၊ တံတားဦးလေဆိပ် ရဲတပ်ဖွဲ့က ဒုရဲအုပ်နဲ့ဇနီးဖြစ်သူတို့ သလွန်ဖြူရွာမှာ ပစ်သတ်ခံရပြီးနောက် အခုလိုစစ်ကြောင်းထိုး သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ 

အသတ်ခံရသူတွေထဲမှာ ၁၄ နှစ်အရွယ်အမျိုးသားတဦးပါဝင်တယ်လို့ သိရပြီး ကျန်သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

ဒါ့အပြင် အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၁၇ ရက်မှာလည်း သလွန်ဖြူကျေးရွာက ရွာသား ၄၀ ကို ထပ်မံဖမ်းဆီးသွားပြီး ဒီနေ့ထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။

"PDF‌ တွေဆိုပြီး စွပ်စွဲဖမ်းဆီးသွားတာ။ ရွာမှာက ဘယ် PDF မှလည်းမရှိပါဘူး။ လက်နက်ကိုင်နိုင်တဲ့ အရွယ်တွေလည်း မဟုတ်ဘူး။ သက်ကြီးတွေလည်းပါတယ် ဖမ်းသွားတဲ့အထဲမှာ"လို့ ဒေသခံတဦးက ပြောပါတယ်

လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ သလွန်ဖြူရွာမှာ တပ်စွဲထားပြီး အနီးရှိ ညောင်ရင်းရွာကို စစ်ကြောင်းထိုး ၀င်ရောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #သလွန်ဖြူ #စစ်ကောင်စီ #ဒေသခံ၇ဦး #သတ်ဖြတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10