စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေ၊ ၇ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကညင်ကျိုးကျေးရွာနဲ့ ကျောင်းကုန်းကျေးရွာတွေမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဇန်နဝါရီ ၂၅ ရက် ဒီနေ့မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၂ ရက်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းဘက်ကနေ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကျေးရွာတွေဘက်ကို လက်နက်ကြီး ၁၂ လုံးပစ်ခတ်ခဲ့ရာ ကျောင်းကုန်းကျေးရွာကို ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဦးကုလား ၅၃ နှစ်၊ ဦးစိန်ဌေး ၅၂ နှစ်၊ မောင်နေဇော်လင်း ၁၅ နှစ်၊ ဦးကျော်ဝင်း ၆၈ နှစ်၊ မမေသက်နိုင် ၄၄ နှစ်တို့ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒါ့အပြင် နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပြီး နွား ၄ ကောင်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၂၃ ရက်မှာလည်း ပိန်းဇလုပ်တပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီး ၈ လုံးနဲ့ ထပ်ပြီးပစ်ခဲ့ရာ ကညင်ကျိုးကျေးရွာထဲကို ၅ လုံးကျရောက်ပေါက်ကွဲပြီး ဦးမြင့်လှိုင် ၆၅ နှစ် သေဆုံးခဲ့ပြီး ဒေါ်ကြင်နု ၆၆ နှစ်နဲ့ စောအယ်ထူးစေး ၁၂ နှစ်တို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံး ပျက်စီးပြီး နွား ၃ ကောင်လည်း ကျည်စထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

"ဒီရက်ပိုင်းမှာ စကစဘက်က နေ့တိုင်းလိုလို အလုံးရေအများကြီး ရွာတွေဘက်ကို ပစ်နေတာ။ အရင်ကထက် ပစ်ခတ်တဲ့အရေအတွက်က ပိုများလာတယ်။ အများစုက ညပိုင်းနဲ့မနက်အစောပိုင်းတွေမှာ ပစ်တာများတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေစိပ်လာလို့ ဒေသခံတွေဟာ ညဘက်တွေမှာ နေအိမ်တွေပေါ်မှာ မအိပ်ရဲလောက်အောင်ဖြစ်နေပြီး အများစုက ဗုံးခိုကျင်းတွေမှာ ဝင်အိပ်နေရတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၂၁ ရက်ကလည်း ပိန်းဇလုပ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်အချို့ဟာ ကျောက်ကြီးမြို့နယ်၊ လိမ်ပင်ဝဲကျေးရွာနဲ့ ဝါချဲကျေးရွာထဲကိုကျရောက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရကာ နေအိမ် ၃ လုံး ပျက်စီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံသေဆုံး #ထိခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10