စစ်တပ်စစ်ကြောင်း ၂ ခု ဝက်လက်နယ်မှာ ချေမှုန်းမခံရခင် လူနေအိမ် ၃၂ လုံးကို ဖျက်ဆီးခဲ့

စစ်တပ်စစ်ကြောင်း ၂ ခု ဝက်လက်နယ်မှာ ချေမှုန်းမခံရခင် လူနေအိမ် ၃၂ လုံးကို ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းက စစ်ကြောင်းနဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကြောင်း ဝက်လက်မြို့နယ်မှာ ပိတ်ဆို့တိုက်ခိုက်ခြင်းမခံရခင်က ဝက်လက်မြို့နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းကကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဘိုမြို့ စခတ ၈ တပ်ရင်းက အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းက ဝက်လက်မြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ချောင်းဆုံရွာနဲ့ လည်ကိုင်းရွာတွေမှာ ညအိပ်တပ်စွဲခဲ့ပြီးပြန်အထွက် ဇန်နဝါရီ ၅ ရက် မနက်အစောပိုင်းမှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လည်ကိုင်းရွာထဲ မပြေးနိုင်လို့ကျန်နေခဲ့တဲ့ အသက် ၈၀ ဝန်းကျင် အဘွား ဒေါ်လတ်ခင် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့တဲ့အပြင် အဲဒီရွာက နေအိမ် ၆လုံး ပျက်စီးခဲ့ တယ်လို့ ဝက်လက်မြို့နယ် လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

နောက်ထပ် စစ်ကြောင်းတခုဖြစ်တဲ့ အင်အား ၇၀ ဝန်းကျင်ပါ စစ်ကိုင်းမြို့ တပ်မ ၃၃ လက် အောက်ခံ စစ်ကြောင်းကလည်း ဝက်လက်မြို့နယ်တောင်ပိုင်းကို ဇန်နဝါရီ ၄ ရက်မှာ ဆားတောင်မြို့ကတဆင့် ဝင်ရောက်လာပြီး အုန္နဲဘုတ်ကျေးရွာက အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် လူ့အခွင့်အရေး တာဝန်ခံကပဲ ဆက်ပြောပါတယ်။

အဲဒီစစ်ကြောင်းက ဝင်ရောက်စီးနင်းမီးရှို့ခဲ့လို့ အုန္နဲဘုတ်ကျေးရွာက နေအိမ် ၂၆ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

နောက်တနေ့ ဇန်နဝါရီ ၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဲ့ဒီရွာက စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အုန္နဲဘုတ်ကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ ၅ ကြိမ်ပြုလုပ်ခဲ့တာကြောင့် အုန္နဲဘုတ်ကျေးရွာက ပြည်သူ ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ စာသင်ကျောင်း၊ ဆေးခန်းနဲ့ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် လူ့အခွင့်အရေးတာဝန်ခံက အတည်ပြုပေးထားပါတယ်။

ဇန်နဝါရီ ၅ ရက် တနေ့တည်းမှာပဲ ကာကွယ်တပ်ဖွဲ့တွေရဲ့ ချေမှုန်းတိုက်ခိုက်မှုကြောင့် ရွှေဘိုကလာတဲ့ စစ်ကြောင်းတခုလုံးဟာ သေဆုံးသူတွေနဲ့ လက်နက်ချသူတွေရှိကာ စစ်ကြောင်းပြုတ်ခဲ့သလို ဆားတောင်က လာတဲ့ စစ်ကြောင်းကလည်း အင်အားအနည်းငယ်နဲ့ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဝက်လက်မြို့နယ်၊ မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ကထွက်လာပြီး ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာကို စီးနင်းတပ်စွဲနေတဲ့ စစ်ကောင်စီတပ်မ ၃၃ လက်အောက် စစ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်သေဆုံး၊ ၃ ဦး အရှင်ဖမ်းမိထားကာ MA 1 သေနတ် ၅ လက်၊ မြေမြှုပ်မိုင်း ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ Jammer စက် ၁ လုံးနဲ့ ခဲယမ်းပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၈ - နယ်စည်းမခြားတော်လှန်ရေးအင်အားစုထံက သိရပါတယ်။

"လတ်တလောမှာတော့ အထူးဂရုစိုက်ရမယ့် အနေအထားဖြစ်နေတဲ့အတွက်လေ အဓိက,ကတော့ လေကြောင်းအန္တရာယ်ကို သတိထားပြီး နားစွင့်ပေးကြဖို့နဲ့ နောက်ထပ်လည်း စကစဘက်က ဒီထက် သာလွန်အင်အားတွေနဲ့ စစ်ကြောင်းထိုးလာနိုင်မယ့် အန္တရာယ်တွေလည်းရှိနေတဲ့အတွက် ပြည်သူတွေလည်း သတိမပေါ့ကြဖို့။ ဒါလေးတွေ ပြောချင်ပါတယ်။" လို့ ဝက်လက်မြို့နယ် လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

တပြိုင်တည်း စစ်ကြောင်း ၂ ခုထိုးခံရတဲ့ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာနေပြည်သူတွေဟာ နောက်ထပ် စစ်ကြောင်းထပ်ရောက်လာမှာနဲ့ လေကြောင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။ 

စစ်ကြောင်း၂ ခုလုံး တပ်စွဲခဲ့ဖူးတဲ့ ကျေးရွာတွေက ပြည်သူတွေလည်း လေကြောင်းရန်ကြောက်လို့ ညဘက်ဆို နီးစပ်ရာကျေးရွာတွေမှာ ရှောင်တိမ်းပုန်းခိုနေကြရပါတယ်။

အဲဒီစစ်ကြောင်းတွေဝင်လာပြီး မီးရှို့ခံရသူတွေနဲ့ တိုက်ပွဲတွင်းလက်နက်ကြီးကျည်ထိကာ နေအိမ်ပျက်စီးသွားသူတွေကတော့ နေထိုင်စားသောက်ရေး အခက်အခဲရှိနေကြပါတယ်။

သတင်း - ငြိမ်းချမ်းမေ၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့  #စခတ၈ #စစ်ကြောင်း #ဝက်လက် #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10