စစ်တပ်စစ်ဆေးရေးဂိတ် RC Plane လေယာဥ်ငယ်နဲ့ ဗုံးသီးချတိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးမှာ တပ်စွဲနေတဲ့ စစ်အုပ်စုစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၈ ရက် မနေ့က Rc Plane လေယာဥ်ငယ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Young Force -UG အဖွဲ့ဆီက သိရပါတယ်။

ကိုးပင်ကျေးရွာ စစ်ဆေးရေးဂိတ်မှာ စစ်သားအင်အား ၁၀ ဦးဝန်းကျင်လောက် တပ်စွဲထားတဲ့နေရာကို ညနေ ၄ နာရီဝန်းကျင်လောက်က ကာကွယ်ရေးဒရုန်းအဖွဲ့တွေက RC Plane လေယာဥ်ငယ်နဲ့ ဗုံးသီး ၆ လုံးချကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အဲ့ဒီစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတာကြာပြီ။ RC Plane လေယာဥ်ငယ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ။ ဗုံးသီး ၆ လုံးလောက်ကြဲချနိုင်ခဲ့တယ်။ အဲ့ဒီစစ်ဆေးရေးဂိတ်ရဲ့ ဘန်ကာဘေးကျတယ်။ ဘန်ကာရှေ့တွေလည်းကျတယ်။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းလို့မရသေးဘူး" လို့ Young Force -UG တာဝန်ခံက ပြောပါတယ်။

RC Plane လေယာဥ်ငယ်နဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေ ရှိနိုင်ပေမဲ့ သတင်းရယူဖို့ အခက်အခဲရှိတာကြောင့် သေဆုံးဦးရေ အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ကိုးပင်ကျေးရွာအနီး စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ ပခုက္ကူ ၂၅၉ နဲ့ တပ်မ ၁၀၁ က စစ်သားတွေဖြစ်ပြီး စစ်ကြောင်းထိုးရင် အဲ့ဒီဂိတ်က အင်အားဖြည့်တင်းတာတွေရှိသလို အခုရက်ပိုင်းမှာလည်း ပခုက္ကူကနေ မြိုင်ဘက်ကိုစစ်ကြောင်းထိုးဖို့ လုပ်နေကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Young Force-UG ၊ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂  Thurain- TR နှင့် မြိုင်ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း ပခုက္ကူမြို့ကနေ ရေစကြိုဘက်ကိုလာတဲ့ Alphard ကားကို Young Force-UG အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #ကိုးပင်ရွာစစ်ဆေးရေးဂိတ်  #တိုက်ခိုက်ခံရ  #RCPlane #လေယာဥ် #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10