စစ်တပ်ထုတ်ကုန် ဝင်ငွေ ၇၀ ရာခိုင်နှုန်း လျော့ချရေး အညာက မြို့နယ် ၂၀ ကျော်မှာ ကမ်ပိန်းပြုလုပ်

စစ်တပ်ထုတ်ကုန် ဝင်ငွေ ၇၀ ရာခိုင်နှုန်း လျော့ချရေး အညာက မြို့နယ် ၂၀ ကျော်မှာ ကမ်ပိန်းပြုလုပ်

အညာဒေသမှာ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ဦးဆောင်ကာ စစ်တပ်ပိုင် ထုတ်ကုန် ၈ မျိုးကို ၂ လအတွင်း ဝင်ငွေ ၇၀ ရာခိုင်နှုန်းလျော့ချဖို့ ကမ်ပိန်းပြုလုပ်နေပြီး တနိုင်ငံလုံးအတိုင်းတာနဲ့ ပါဝင်ပေးကြဖို့  ပြောဆိုထားပါတယ်။

လက်ရှိ ဩဂုတ်လကစတင်ကာ ၂ လအတွင်း အရက် ဘီယာ ၆ မျိုးနဲ့ စီးကရက် ၂ မျိုးကို ဘဏ္ဍာရေးနဲ့ စီးပွားရေးတိုက်ပွဲ စစ်မျက်နှာပြင်အနေနဲ့ ကနဦးရည်ရွယ်ထားပြီး နောက်ပိုင်းတွေမှာလည်း တခြားစစ်တပ်ထုတ်ကုန်တွေကို ထပ်မံဝင်ငွေလျော့ချဖို့ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“နယ်တွေမှာဆို စစ်တပ်ထုတ်ကုန်က မရှိသလောက်နီးပါးကို ရှားနေပြီ၊ ပြည်သူလူထုကလည်း အားမပေးကြဘူး၊ ဈေးဆိုင်တွေက မတင်ဘူးဆို ဒီပစ္စည်းတွေက ပြည်သူဆီ ရောက်မှာမဟုတ်တော့ ဈေးဆိုင်တွေကို အဓိကထားပြီးတော့ ဖြန့်နေတယ်၊ မြို့နယ်ပေါင်း ၂၀ကျော်မှာ စနေပြီ။”လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် မချောစုစံက ပြောပါတယ်။

အဲ့ဒီ ကမ်ပိန်းကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက သပိတ်စစ်ကြောင်းရှိတဲ့ မြို့နယ် ၂၀ကျော်မှာ လူထုသပိတ်တွေကနေတဆင့် လက်ကမ်းစာစောင်ဝေတာတွေ၊ ဟောပြောတာတွေ၊ ဈေးဆိုင်တွေကို အသုံးမပြုရမယ့် ပစ္စည်းစာရင်းတွေပေးကာ အသိပညာပေးတာတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

အခုလက်ရှိ မြန်မာဘီယာ၊ Andaman တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Dagon တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Mandalay Rum၊ Beer၊ Black Shield Stout Beer၊ အာမီရမ်နဲ့ Red Ruby၊ Premium Gold စတဲ့ ဘီယာနဲ့ ဆေးလိပ် ထုတ်ကုန် ၈ မျိုးကို ဝင်ငွေဖြတ်တောက်ဖို့ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲက စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ လူထုသပိတ်တွေကတဆင့် ဆောင်ရွက်ခဲ့ပေမယ့် အခုလို ၇၀ ရာခိုင်နှုန်းဖြုတ်ချမယ့် စီမံချက်ကတော့ ယခု ဩဂုတ်လကမှ စတင်တာဖြစ်ပြီး နောက်ပိုင်းမှာ အရေးယူမှုတွေ လုပ်‌ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်‌ကောင်စီယန္တရား လည်ပတ်မှုကို အထောက်အကူဖြစ်စေတဲ့ ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ A bank၊ CB bank၊ Yoma bank၊ KBZ၊ MEB၊ UAB၊ MAB၊ AYA၊ MOB၊ MCB၊ AGD စတဲ့ ဘဏ် ၁၁ ခုကိုလည်း ပြည်သူတွေအနေနဲ့ ဆန့်ကျင်ဖိအားပေးကြဖို့ မနေ့က ကျင်းပတဲ့  GSCBရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #အညာ #GSCB #စစ်တပ်ထုတ်ကုန် #အညာ #စစ်ကိုင်း #မကွေး #ဘဏ် #အရက်ဘီယာ #ဆေးလိပ် #boycott 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10