စစ်တပ်ထောက်တိုင် သတင်းဌာနအမည်ခံပြီး ငွေတောင်းကြမ်းနေသူ ၁ ဦး ပစ်သတ်ခံရ

စစ်တပ်ထောက်တိုင် သတင်းဌာနအမည်ခံပြီး ငွေတောင်းကြမ်းနေသူ ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း စစ်တပ်ဝါဒဖြန့်သတင်းတွေရယူပြီး ငွေညှစ်တောင်းခံနေသူ ၁ ဦး ဇွန်လ ၂၁ ရက် ည ၇ နာရီခန့်က နေအိမ်အတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူဟာ မင်းဘူးမြို့နယ်၊ထောက်ရှာပင်ကျေးရွာအုပ်စု၊ ရွှေတပင်ကျေးရွာနေထိုင်သူ စစ်ကောင်စီဘက်ကထောက်ခံရေးသားနေတဲ့ အထူးဟစ်တိုင် ရှုထောင့်သတင်းစုံဂျာနယ်က အသက် ၄၁ နှစ်အရွယ် မင်းသူလှိုင် ဆိုသူဖြစ်ပြီး ၎င်းသတင်းဌာနအမည်သုံးကာ ဒေသတွင်းရှိ ရေနံတွင်းတွေနဲ့ လောင်းကစားဝိုင်းတွေမှာ ခြိမ်းခြောက်ငွေညှစ်တောင်းခံနေသူလို့ ဆိုပါတယ်။ 

"သူက သတင်းဌာန နာမည်ရော၊ စကစ နာမည်ပါသုံးပြီး လောင်းကစားဝိုင်းတွေ၊ ရေနံမြေတွေမှာပါ ခြိမ်းခြောက်ငွေတောင်းတာတွေရှိတယ်။ ငွေတောင်းကြမ်းတာကတော့ နာမည်ဆိုးထွက်နေသူပါ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

နေအိမ်ထဲ သေနတ်နဲ့ဝင်ပစ်ခံရလို့ မင်းသူလှိုင်မှာ ရင်ဘတ်၊ ပေါင်နဲ့ လည်ပင်းတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၉ ချက်ရရှိပြီး နေရာမှာဘဲသေဆုံးသွားကာ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီအဖွဲ့တွေက စစ်ဆေးမှုပြုလုပ်ပြီး အလောင်းကို မင်းဘူးဆေးရုံကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

ရှုထောင့် အထူးဟစ်တိုင် SH ဟာ စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာဝန်ထမ်းလှုပ်ရှားမှုတွေ၊ မှုခင်းသတင်းတွေနဲ့ စစ်တပ်ဝါဒဖြန့်သတင်းတွေကိုရယူကာ ထပ်ဆင့်ဖော်ပြနေတဲ့ လူမှုကွန်ယက် စာမျက်နှာတခုဖြစ်ပါတယ်။

 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မင်းဘူး #စစ်ကောင်စီ #ဝါဒဖြန့် #သတင်းဌာန #ခြိမ်းခြောက်မှု #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10