စစ်တပ်ထောက်ပို့ကားတွေ အပစ်ခံရပြီး စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် ၇ ဦးသေဆုံး

စစ်တပ်ထောက်ပို့ကားတွေ အပစ်ခံရပြီး စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် ၇ ဦးသေဆုံး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူနည်းပညာတက္ကသိုလ်နဲ့ ပန်းဒိုင်ခြုံကျေးရွာအကြား ပခုက္ကူ-ရေစကြိုကားလမ်းပေါ်မှာ လက်နက်ခဲယမ်းတွေသယ်လာတဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ကားတွေပစ်ခံရပြီး စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် ၇ ဦးသေဆုံးသွားတယ်လို့ Southern YSO PDF အဖွဲ့ထံက သိရပါတယ်။

ဧပြီ ၆ ရက် နေ့လယ်ပိုင်းမှာ ရေစကြို-ပခုက္ကူ ကားလမ်းမတလျှောက်ရှိ ပျူစောထီးစခန်းနဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကို လက်နက်ခဲယမ်းသယ်ယူပို့ဆောင်ပေးနေတဲ့ ထောက်ပို့ရှေ့ပြေးယာဉ်နဲ့ ပခုက္ကူ ခလရ ၂၅၉ စစ်တပ်ပိုင် ကုန်ကားတို့ကို စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စူပါကော်ဖီမစ်ကုမ္ပဏီပိုင် ကန်တာအမျိုးအစားမော်တော်ယာဉ်တစီးဟာ အဆိုပါလမ်းပိုင်းမှာ မကြာခဏဆိုသလို စစ်ကောင်စီဂိတ်စခန်းတွေအတွက် လက်နက်ခဲယမ်းတွေသယ်ဆောင်ပေးနေတယ်လို့ သတင်းရတဲ့အတွက် စောင့်ဆိုင်းစစ်ဆေးဖို့လုပ်ခဲ့ရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ 

"ကုမ္ပဏီကားနဲ့ ခဲယမ်းတွေသယ်လာတယ်လို့ သတင်းရလို့ အဲ့ကားကိုတားစစ်ဖို့လုပ်ရာမှာ နောက်ကပါလာတဲ့ ကုန်တင်ယာဥ်ကနေ အရင်ပစ်လာလို့ နှစ်စီးစလုံးကို ပစ်ခတ်ခဲ့ရတယ်။ ပစ်ပြီးတော့ ကုမ္ပဏီယာဥ် ကန်တာကားကို တက်စစ်ပြီး ခဲယမ်းနဲ့ဗုံးသီးတွေရလို့ နောက်ကုန်တင်ယာဥ်ကို စစ်ဖို့လုပ်ချိန် စကစဘက်က စစ်ကူလာတာရော၊ လက်နက်ကြီးတွေပစ်လာလို့ ပြန်ဆုတ်လာရတယ်"လို့ Southern YSO PDF အဖွဲ့တာဝန်ခံ ကိုမောင်စိန်ကပြောပါတယ်။

ပစ်ခတ်မှုအတွင်းမှာ ကုမ္ပဏီကားပေါ်လိုက်ပါလာတဲ့ မတင်ဇာဝင်းပြည့် (၂၅၉ စစ်တပ်ရှိ တပ်ကြပ်ကြီး ချွေးမ၊ ပခုက္ကူမြို့အနောက်ဘက် ဆည်ရွာနေသူ)နဲ့ ကိုနေသူလွင်ဆိုသူ သေဆုံးသွားသလို ယာဥ်မောင်းဦးမြင့်နိုင် ဆိုသူမှာလည်း ပြင်းထန်ဒဏ်ရာရသွားပါတယ်။

ပစ်ခတ်မှုအပြီးကုန်ကားကို စစ်ဆေးမည်ပြုစဉ် မီတာ ၆၀၀ အကွာ ပခုက္ကူနည်းပညာတက္ကသိုလ် GTC စစ်ကောင်စီဂိတ်မှ လက်နက်ကြီးပစ်ခတ်ခဲ့သလို ပန်းတိုင်းခြုံ စစ်ကောင်စီဂိတ်မှ စစ်ကူတက်လာလို့ ကုန်တင်ကားကို မစစ်နိုင်ဘဲ ပြန်ဆုတ်လာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရ ကုန်တင်ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ ခလရ ၂၅၉ တပ်ရင်းက စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးလည်းသေဆုံးသွားတယ်လို့ သိရပါတယ်။

ကုမ္ပဏီယာဥ်ပေါ်မှာတော့ အအေးကဒ်၊ ကော်ဖီမစ်ပုံးတွေအတွင်း သိုဝှက်သယ်ဆောင်လာတဲ့ ကပစ ကျည် ၅.၅၆ ကျည် ၃၁၀ တောင့်နဲ့အတူ ဗုံးသီး ၃ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်ကလည်း ရေစကြိုမြို့နယ်၊ အင်မထီးပျူရွာကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၂ ဦးသေပြီး ၅ ဦးဒဏ်ရာရသလို YSO PDF အဖွဲ့ဝင် ၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူနည်းပညာတက္ကသိုလ် #ပန်းဒိုင်ခြုံကျေးရွာ #စစ်ကောင်စီ #ထောက်ပို့ယာဉ် #ပစ်ခတ်တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10