စစ်တပ်ထောက်ပို့စစ်ကြောင်း ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

စစ်တပ်ထောက်ပို့စစ်ကြောင်း ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

မကွေးတိုင်း၊ မြိုင်မြို့ကနေ ကန်နီရွာကို ထွက်လာတဲ့ စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို ၂ ရက် ဆက်တိုက် မိုင်းဆွဲတဲ့အပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖအဖွဲ့ဆီက သိရပါတယ်။ 

မြိုင်ကနေ ကန်နီပျူရွာကို ထောက်ပို့သွားတဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၄ ရက်နဲ့ ၅ ရက်တို့မှာ မိုင်းဆွဲခဲ့တဲ့အပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၄ ရက်က မြိုင်ကနေ ကန်နီပျူရွာကို ထောက်ပို့သွားတဲ့ စစ်ကြောင်းကို မနက် ၇ နာရီ ပေါက်ပျဉ်းလမ်းဆုံမှာ မိုင်း ၄ လုံးနဲ့ဆွဲခဲ့သလို မနက် ၁၀ နာရီခွဲခန့် သံပုရာခြံကျေးရွာအနီးမှာ မိုင်း ၅ လုံးထပ်ဆွဲခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂၀ လုံးလည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“ကျနော်တို့ကြားနေတာ မြိုင်ဆေးရုံထဲမှာ ၄ ယောက်သေတယ်။ ၁၁ ယောက် ခြေပြတ် လက်ပြတ်တွေ ဖြစ်နေတာရှိတယ်။ ၅ ရက်နေ့ ထွက်လာတဲ့ စစ်ကြောင်းက ကန်နီရွာကို မရောက်ဘူး။ ပေါက်ပျဉ်းလမ်းဆုံကနေ မိုင်းဆွဲလိုက်တော့ နေ့လယ် ၁၁ နာရီလောက်မှာ မြိုင်မြို့ထဲကို ပြန်ဆုတ်သွားတယ်။” လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၃ ဦးရဲ့ ပြောပြချက်အရ မကွေးတိုင်း ၂၅ မြို့နယ်ကနေ ရဲ ၂ ယောက်စီခေါ် ယူလိုက်ပြီး ရဲသင်တန်းတက်ရမည်ဟုဆိုပြီး ပခုက္ကူတပ်မ ၁၀၁ ကို စေလွှတ်ကာ အနီးနားက ကျေးရွာတွေကို အခုလို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

အထက်ပါစစ်ကြောင်းဟာ အင်အား ၁၀၀ ဝန်းကျင်ရှိပြီး ပခုက္ကူတပ်မ ၁၀၁ က ထွက်လာတာလို့ သိရပါတယ်။

“စစ်ကြောင်းမှာက ပျူစောထီးမပါဘူး။ စစ်ခွေး ရဲခွေးတွေပဲပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ၊ မြိုင်ပကဖ Doneတပ်ဖွဲ့ ၊  Myaing UAV Fighter၊ ဗိုလ်မြွေဆိုးတပ်ဖွဲ့ ၊ တိုက်နယ် ၄ MPLတပ်ဖွဲ့ ၊ မြိုင်ပကဖ တပ်ရင်း ၂ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ နှင့်  Earthquake Defense Force(Pku) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကလည်း မြိုင်မြို့အတွင်းက မြို့မရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြိုင်မြို့ #ကန်နီရွာ #စစ်ကောင်စီ #ထောက်ပို့စစ်ကြောင်း #မိုင်းဆွဲ #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10