စစ်တပ်ထောက်ပို့လမ်းကြောင်းကို မိုင်းထောင်ချိန် ပစ်ခတ်မှုဖြစ်ပြီး ရဲတွေဘက်က ၂ဦးသေ ၁ဦးဒဏ်ရာရ

စစ်တပ်ထောက်ပို့လမ်းကြောင်းကို မိုင်းထောင်ချိန် ပစ်ခတ်မှုဖြစ်ပြီး ရဲတွေဘက်က ၂ဦးသေ ၁ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ရဲလှည့်ကင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှုရှိတယ်လို့ တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသခွဲ၊ ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၁၈ ရက် မနေ့ည ၉ နာရီဝန်းကျင်မှာ ကျောက်တံခါးမြို့အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၃-၅ တံတားနဲ့ ရထားလမ်းကို မိုင်းထောင်ပြီး စစ်ကောင်စီထောက်ပို့လမ်းကြောင်း ဖြတ်တောက်ဖို့လုပ်နေချိန်  ရဲလှည့်ကင်းနဲ့တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ 

"အဓိက ရန်ကုန်-နေပြည်တော် စကစ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ မစ်ရှင်လုပ်နေချိန် လှည့်ကင်းနဲ့ဆုံပြီး ပစ်ခတ်မှုဖြစ်တယ်။ ဖြစ်နေတဲ့အချိန်မှာပဲ တံတားနဲ့ ရထားလမ်းကို ဖောက်ခွဲနိုင်ခဲ့တယ်။ ကြေညာချက်ထုတ်ပြန်ထားတဲ့အတိုင်းပဲ နယ်မြေစိုးမိုးရေးလုပ်ငန်းစဥ်တွေထဲက ခုမစ်ရှင်က တခုပါ။" လို့ တောင်ပိုင်းတိုင်း၊ အမှတ် ၂ စစ်ဒေသခွဲ၊ ပြန်ကြားရေးတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်းမှာတော့ ရဲ ၁ ဦး၊ ရဲအဖွဲ့နဲ့ လိုက်ပါလာတဲ့ အရပ်ဝတ် ဝတ်ဆင်ထားသူ အမျိုးသား ၁ ဦး သေဆုံးသွားသလို ရဲ ၁ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

မိုင်းထောင်ဖောက်ခွဲခံရလို့ တံတားနဲ့ ရထားလမ်းပိုင်း ပျက်စီးမှုအချို့ရှိခဲ့ပြီး ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီလက်အောက်ဌာနဆိုင်ရာတွေက ပြင်ဆင်မှုအပိုင်းတွေကို လုပ်ဆောင်နေကြပါတယ်။

မတ်လ ၃၁ ရက်ညက ကျောက်တံခါးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးနဲ့ မြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ရုံးအဆောက်အဦတွေ ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #လမ်းဟောင်း #ထိတွေ့တိုက်ပွဲ #ရဲတပ်ဖွဲ့ #သေဆုံးမှု #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10