စစ်တပ်နဲ့ထိပ်တိုက်တွေ့ရတဲ့အမှုတွေကို အဓိကလိုက်ပါဆောင်ရွက်ခဲ့သူ ရှေ့နေ ဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်အရေးဆုရ

စစ်တပ်နဲ့ထိပ်တိုက်တွေ့ရတဲ့အမှုတွေကို အဓိကလိုက်ပါဆောင်ရွက်ခဲ့သူ ရှေ့နေ ဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်အရေးဆုရ

■ ထောင်နှစ်ရှည်ချမှတ်ထားတဲ့အတွက် NUG လူ့အခွင့်အရေးဝန်ကြီးက ဆုကို ကိုယ်စားယူပေး

စစ်ကောင်စီက ထောင်ဒဏ်နှစ်ရှည်ချမှတ်ထားတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အီတလီနိုင်ငံအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု Ludovic Trarieux ကို ချီးမြှင့်ခဲ့ပါတယ်။ 

ဥရောပက လူ့အခွင့်အရေးရှေ့နေတွေစုဖွဲ့ထားတဲ့ IDHAE အဖွဲ့ဟာ ၂၀၂၄ ခုနှစ်အတွက် Ludovic Trarieux နိုင်ငံတကာလူ့အခွင့်အရေးဆုကို ဒေါ်ရွက်နုအောင်ရရှိကြောင်း အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့တာပါ။

ဆုချီးမြှင့်တဲ့အခမ်းအနားကို အောက်တိုဘာ ၁၈ ရက်က အီတလီနိုင်ငံမှာကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူ ဒေါ်ရွက်နုအောင်ဟာ ထောင်ဒဏ်ချမှတ်ခဲ့ထားရတာကြောင့် သူ့ရဲ့ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဆုတက်ယူခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ရွက်နုအောင်ဟာ မြန်မာနောင်းသတင်းဌာနက အယ်ဒီတာချုပ်ဦးဆွေဝင်းကို ဦးဝီရသူက တရားစွဲစဥ်က ဦးဆွေဝင်းဘက်က လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး နေပြည်တော်က ဗစ်တိုးရီးယားအမှု၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အမှုတို့မှာလည်း လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေဖြစ်ပါတယ်။

သူလိုက်ပါဆောင်ရွက်ခဲ့တဲ့ အမှုဖြစ်စဥ်အများစုဟာ နာမည်ကြီးလူ့အခွင့်အရေးဖြစ်စဥ်တွေဖြစ်ပြီး စစ်တပ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့အမှုတွေလည်း ဖြစ်ပါတယ်။

သူ့ကို၂၀၂၂ ဧပြီမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ - PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် မန္တလေး အိုးဘိုထောင်တွင်းအထူးတရားရုံးကနေ ဒီဇင်ဘာ ၂၈ ရက်မှာ  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့  ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာပါ။ 

IDHAE အဖွဲ့ဟာ နိုင်ငံတကာက လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးရှေ့နေတွေကို နှစ်စဥ် ဒီဆုကို ဂုဏ်ပြုချီးမြှင့်နေတာဖြစ်ပြီး ၂၀၀၈ ခုနှစ်ကလည်း မြန်မာနိုင်ငံက ရှေ့နေဦးအေးမြင့် ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

ပုံစာ (၁) - ဗစ်တိုးရီးယားအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဒေါ်ရွက်နုအောင်အား တွေ့ရစဉ်။ (ဓါတ်ပုံ - MCNA)

ပုံစာ (၂) - နိုင်ငံတကာလူ့အခွင့်အရေးဆုကို ဝန်ကြီး ဦးအောင်မျိုးမင်းမှ ရှေ့နေ ဒေါ်ရွက်နုအောင် ကိုယ်စား လက်ခံရယူနေစဉ်။ (ဓါတ်ပုံ - Myanmar Community In Italy)

စာတည်း - လင်း 

#မြေလတ်အသံ

#ဒေါ်ရွက်နုအောင် #နိုင်ငံတကာလူ့အခွင့်ရေးဆု #ရှေ့နေ #မန္တလေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10