စစ်တပ်နဲ့ပျူစောထီး စိုးမိုးထားတဲ့ရွာကို တော်လှန်ရေးတပ်တွေ ဝင်တိုက်ပြီး နှစ်ဖက်အထိခိုက်ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ စိုးမိုးထားတဲ့ မြင်းချင်းကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိခိုက်တွေရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

အောက်တိုဘာ ၁၅ ရက် ညနေ ၆ နာရီခန့်မှာ စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၅၀ ကျော်ရှိနေတဲ့ မြင်းချင်းရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ခိုက်ချိန် ၁ နာရီခွဲကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ မြင်းချင်းရွာဘက်ကို ပရံကျေးရွာကနေ ပျူစောထီးအဖွဲ့တွေ စစ်ကူလာခဲ့ရာ အဲ့ဒီအဖွဲ့ကို ဇီးကုန်းလေးကျေးရွာအနီးမှာ ရွှေဘိုမြို့နယ် PDO Drone အဖွဲ့နဲ့ Fixed Wings Drone အဖွဲ့တို့က ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်လို့ ပျူစောထီးအဖွဲ့တွေ စစ်ကူမလာနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့ဟာ မြင်းချင်းကျေးရွာအတွင်းက စစ်အုပ်စုဘန်ကာအနီး မီတာ ၅၀ ခန့်အကွာအထိ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စခန်းကိုသိမ်းဖို့ ကြိုးစားနေချိန် နောက်ဆုံးဘန်ကာအရောက် ရွှေဘိုမြို့တွင်းက စစ်ကောင်စီအဖွဲ့တွေနဲ့ ပျူတွေ အင်အားအများအပြားနဲ့ စစ်ကူလာတယ်လို့ သတင်းရတာကြောင့် ရဲဘော်တွေရဲ့ လုံခြုံရေးအနေအထားအရ ပြန်လည်ဆုတ်ခွာ ခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ  ဦးဆောင်ကွပ်ကဲပြီး မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့၊ မြို့နယ် PDO Drone အဖွဲ့၊တိုက်နယ် ၂ ပကဖ ၊တိုက်နယ် ၃ ပကဖ၊ တိုက်နယ် ၅ ပကဖ၊ ဒီပဲယင်း ပကဖ၊ ညောင်ဦး ပကဖ၊ ဂဠုန်ကြီး Fixed Wings Drone အဖွဲ့ ၊ အားမာန် Fixed Wings Drone အဖွဲ့၊ IC Fixed Wings Drone အဖွဲ့၊ ဘီလူးညီနောင် Fixed Wings Drone အဖွဲ့နဲ့ နယ်မြေခံ ပကဖအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း မြင်းချင်းရွာက စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရွှေဘို #မြင်းချင်းကျေးရွာ #စစ်တပ် #ပျူစောထီး #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10