သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပျူစောထီးတွေစိုးမိုးထားတဲ့ သရက်ကွရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာတိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း ရွာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၆၀ ဝန်းကျင်ရှိတဲ့ အဆိုပါရွာကို ဒီဇင်ဘာ ၁၉ ရက် မနက် ၆ နာရီကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“ပျူစခန်းက ဘန်ကာရှိတဲ့နေရာတွေနဲ့ တရွာလုံးကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာ။ ဒရုန်း ၉ စီးလောက်နဲ့ ဗုံး ၁၀၀ ကျော်ကြဲချခဲ့တာ၊ ၄ ကြိမ်လောက် ထိတွေ့ တိုက်ခိုက်မှုဖြစ်တယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူလုပ်တာက အကြိမ်ပေါင်းများစွာပဲ။ လေကြောင်းနဲ့ ပစ်တာက ထိတာတွေတော့မရှိဘူး။ လက်နက်ခဲယမ်းနဲ့ ငွေကြေးအနည်းငယ် သိမ်းဆည်းရခဲ့တယ်။"လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
ဒီဇင်ဘာ ၂၁ ရက်မှာတော့ မြိုင်မြို့ထဲကနေ ပခုက္ကူ တပ်မ ၁၀၁ မှ အင်းအား ၁၅၀ ခန့်ပါ စစ်ကူစစ်ကြောင်းထွက်လာခဲ့ပြီး အဆိုပါစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူ ၁ ဦးအပါအဝင် ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ဗိုလ် ၁ ကောင်သေတယ်။ အခြားအဆင့်က ၁၃ ကောင်လောက် သေတယ်။ ကျန်တဲ့ ၃၁ ကောင်က မြိုင်ဆေးရုံမှာ ကုသနေတယ်၊ သေဆုံးတဲ့ အလောင်းတွေကိုတော့ ကျနော်တို့ မီးရှို့ပေးလိုက်တယ်။”လို့ ဗိုလ်လက်ယာ က ဆက်ပြောပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ပခုက္ကူခရိုင် တပ်ရင်း ၆ က တပ်ဖွဲ့၀င် ၁ ဦးနဲ့ တပ်ရင်း ၇ က တပ်ဖွဲ့၀င် ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သရက်ကွရွာကို လေကြောင်းတိုက်ခိုက်မှုတွေကြားကနေ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီရွာမှာရှိတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေကတော့ ရွာနဲ့ ၁ မိုင်ကျော်အကွာက စက်မှု ၂ ထဲကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၁၀ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ပွဲကို မြိုင်မြို့နယ် ပကဖ ၊ပေါက်မြို့နယ် ပကဖ ၊ (မြိုင်၊ ပေါက်၊ ကမ္မ) ပကဖ တပ်ရင်း ၁၊ တပ်ရင်း ၂၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇ ၊ အညာမြေတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ 8+ စုဖွဲ့မှု၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်း ၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဓားမင်းကြီးတပ်ဖွဲ့၊ ကိုအောင်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မြိုင်မြို့နယ်မှာ ပျူစောထီးအင်အားကောင်းတဲ့ ကျေးရွာတွေဖြစ်တဲ့ ဝက်ပုတ်၊ သရက်ကွ၊ သရက်ကန်၊ ကန်နီ၊ တွင်းမ စတဲ့ ရွာ ၅ ရွာ အနက် ဝက်ပုတ်ရွာနဲ့သရက်ကွရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ရွာ ၃ ရွာကိုဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း မြိုင်ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
သတင်း - ဒိန်းဂျား၊ ဟယ်သာ၊ စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #မြိုင် #ပျူစောထီး #စခန်းသိမ်း #သရက်ကွရွာ
Share Share Share