စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးဗုံးသီး ရွာ ၂ ရွာကိုကျလို့ အမျိုးသမီး ၂ ဦးအပါ ၃ ဦးဒဏ်ရာရ

စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးဗုံးသီး ရွာ ၂ ရွာကိုကျလို့ အမျိုးသမီး ၂ ဦးအပါ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ စံဖဲကျေးရွာနဲ့သက္ကယ်ကုန်းကျေးရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး ၂ ဦးအပါ ဒေသခံ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတော်လှန်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် နေ့လယ် ၂ နာရီခန့်မှာ ရေကြည်ချောင်းတံတား စစ်ကောင်စီဂိတ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးဗုံးသီးတလုံးဟာ စံဖဲကျေးရွာက ဦးကျော်လှဝင်းနေအိမ်အနီးကျကွဲပြီး နေအိမ်အနီးရှိနေတဲ့ မရတီ ၁၆ နှစ်အားထိမှန်ကာ ခြေသလုံးမှာ ဒဏ်ရာရသွားပါတယ်။

အလားတူ အဆိုပါ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာပဲ ရှမ်းရွာ၊ ကြက်မောက်ခြံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးဟာ သက္ကယ်ကုန်းကျေးရွာနေ ဦးမောင်ခန့် နေအိမ်အနီးကျရောက်ပေါက်ကွဲပြီး ဇနီးဖြစ်သူ မနှင်းနှင်း အသက် ၅၀ နှစ်မှာ ခြေသလုံးအစမှန်ဒဏ်ရာ၊ သားဖြစ်သူ မောင်မျိုးထက်အောင် ၂၅ နှစ်မှာ ပေါင်မှာ အစမှန်ဒဏ်ရာတွေရသွားတယ်လို့ ဆိုပါတယ်။

" စကစဘက်ကတိုက်ပွဲမဖြစ်ဘဲ ဒီလိုပဲရွာတွေကိုထုနေတာ။ စကစဘက်က ကျောက်ကြီးချောင်းဘက်ကို စစ်ကြောင်းဝင်နေတာရှိတယ်။ သူတို့သွားတဲ့လမ်းပတ်လည်ကို လက်နက်ကြီးလိုက်ပစ်ပေးနေတာ။ ရွာထဲတွေကိုကျတာ" လို့ Fire Dogon PDF အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ ဒဏ်ရာရသွားသူတွေကိုတော့ နီးစပ်ရာဆေးခန်းတွေမှာဆေးကုသနေရပြီး ဒဏ်ရာတွေကစိုးရိမ်ရတာမရှိဘူးလို့ သိရပါတယ်။

စက်တင်ဘာလအတွင်း ညောင်လေးပင်မြို့နယ်ထဲမှာ စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးနေသလို စစ်ရေးတင်းမာမှုတွေရှိနေပြီး တိုက်ပွဲအချို့လည်းဖြစ်ပွားနေပေမယ့် တိုက်ပွဲနဲ့ပတ်သက်ပြီးအသေးစိတ်အခြေနေတွေကိုတော့ မသိရသေးပါဘူး။

ဇွန် ၂၈ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာ ညောင်လေးပင်-ကောက်မယ်သူသွားလမ်းပေ်ရှိ တံတားအနီးမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ PDF ရဲဘော်နဲ့ဒေသခံ ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူးရှေ့ခြမ်း #ညောင်လေးပင် #လက်နက်ကြီးဗုံးသီး #ပစ်ခတ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10