စစ်တပ်ပစ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦးသေ၊ သံဃာ ၁ ပါးဒဏ်ရာရ

စစ်တပ်ပစ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦးသေ၊ သံဃာ ၁ ပါးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်၊ ကင်မွန်းခြုံ၊ ပျဥ်းမပင်၊ ဝက်တူးကျေးရွာတွေမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ သံဃာ ၁ ပါးဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၃ ရက် မနက် ၆ နာရီခွဲခန့်မှာ ခမရ ၃၀၇ ရွှေဝါတပ်ရင်းမှ ကျေးရွာတွေဘက်ကို ဟောင်ဝင်ဇာ အမြောက်တွေနဲ့ပစ်ခတ်ခဲ့ရာ ကင်မွန်းခြုံနဲ့ ပျဥ်းမပင်သွားလမ်းပေါ်ကျပြီး ပျဥ်းမပင်ရွာသား ၄၅ နှစ်အရွယ် တီးသေးဝါး လက်နက်ကြီးအစမှန် သေဆုံးသွားပါတယ်။

နိုဝင်ဘာ ၂ ရက်မှာ ခမရ ၄၃၉ တပ်မှ တနေကုန်နီးပါး ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ဝက်တူကျေးရွာဘက်ကို လက်နက်ကြီး ၂ လုံးကျပြီး အသက် ၆၀ ကျော်အရွယ် သံဃာ ၁ ပါး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

"စကစ ဘက်ကလည်း လက်နက်ကြီးတွေရော လေယာဥ်တွေနဲ့ပါ ပစ်ခတ်နေတာတွေရှိတယ်။ တိုက်ပွဲတွေလည်း ရှိနေတယ်လို့သိရပြီး အသေးစိတ်တော့ မသိရဘူး။ အရပ်သား ထိခိုက် သေဆုံးကတော့ မကြာခဏဆိုသလို ဖြစ်နေတာ" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃၀ ရက်မှစတင်ပြီး စစ်ကောင်စီအင်အား ၁၀၀ ခန့် ခလရ ၂၆၄၊ ခမရ ၃၄၉ တပ်တွေဟာ မုန်းမြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျီးပင်ပေါက်ကျေးရွာအပါအဝင် ကျေးရွာအချို့ကို စစ်ကြောင်းထိုးဝင်ရောက်လာတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ ၂ ရက်အတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းနဲ့တိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေလို့ ကျီးပင်ပေါက်၊  သပြေကုန်း၊ ရေလဲအရှေ့ဘက်ကမ်း၊ ရေလဲအနောက်ဘက်ကမ်း၊ သောင်ကြီး၊ ဝက်တူး၊ ကျီးပင်ပေါက်၊ ပျဥ်းမပင်၊ ကင်မွန်းချုံ၊ ငတိုးခင်၊ သင်္ကန်းပင်ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေး နေရပါတယ်။

အောက်တိုဘာအတွင်း မုန်းမြို့နယ်ကို စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဥ်နဲ့ပစ်ခတ်လို့ ကလေး ၃ ဦး သေဆုံးပြီး ကလေး၊ လူကြီး ၁၄ ဦးဒဏ်ရာရထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #မုန်းမြို့နယ် #ကင်မွန်းခြုံ #ပျဥ်းမပင် #စစ်ကောင်စီ #လက်နက်ကြီး #သံဃာ #KNU #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10