စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိသားစုဝင် ၄ ဦးသေဆုံး

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိသားစုဝင် ၄ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရွာလေးကုန်းကျေးရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိသားစုဝင် ၄ ဦးသေဆုံးသွားတယ်လို့ KNU ဗဟိုက မေ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မေ ၁၃ ရက် ည ၉ နာရီ ၄၅ မိနစ်မှာ ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ရွာလေးကုန်းကျေးရွာနေ ဦးကျော်စိန် ၈၄ နှစ်ရဲ့နေအိမ်ဘေးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

"စကစဘက်က လက်နက်ကြီးတွေပစ်နေတော့ သူတို့မိသားစုက အိမ်အောက်က ဗုံးခိုကျင်းထဲကို ဆင်းတာ။ သူတို့လည်းအိမ်အောက်အရောက် လက်နက်ကြီးလည်း သူတို့အနားအကျလိုဖြစ်သွားတာ" လို့ ဒေသခံတဦးကပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ ဦးကျော်စိန်နဲ့ မြေးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မအိဖူးသော်တို့ဟာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့မှာ လက်နက်ကြီးအစမှန်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

ဒါ့အပြင် ဦးကျော်စိန်ရဲ့ သားသမီးနှစ်ယောက်ဖြစ်တဲ့ အသက် ၅၂ အရွယ် မဌေးရီ၊ အသက်အရွယ် ၄၉ နှစ် အရွယ် ကိုဌေးနိုင်တို့ နှစ်ဦးမှာလည်း ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်အနှံမှာ လက်နက်ကြီးအစမှန် ဒဏ်ရာရပြီး ဆေးရုံ ပို့ဆောင်စဥ် လမ်းမှာသေဆုံးသွားကြပါတယ်။

သေဆုံးသွားတဲ့ မိသားစုဝင် ၄ ဦးရဲ့အလောင်းကိုတော့ ဒေသခံတွေက မေ ၁၄ ရက် မနက်မှာ ကျေးရွာမှာပဲ မီးရှို့သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

မတ် ၈ ရက်ကလည်း ထန်းတပင်မြို့နယ်၊ လမင်းသာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဦးသန်းမြင့် ၆၅ နှစ်မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ထန်းတပင်မြို့  #ရွာလေးကုန်းကျေး #စစ်တပ် #လက်နက်ကြီး #KNU

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10