စစ်တပ်ပိုင်ခန်းမ ရှော့ဒုံးနဲ့ပစ်ခံရပြီးနောက် မန္တလေးပြည်သူ့စစ်တွေကိုလက်နက်ပေး၊ မနက်အစောစစ်ဆေးမှုတွေလုပ်ပြီး လုံခြုံရေးတင်းကျပ်

စစ်တပ်ပိုင်ခန်းမ ရှော့ဒုံးနဲ့ပစ်ခံရပြီးနောက် မန္တလေးပြည်သူ့စစ်တွေကိုလက်နက်ပေး၊ မနက်အစောစစ်ဆေးမှုတွေလုပ်ပြီး လုံခြုံရေးတင်းကျပ်

မန္တလေးမြို့က စစ်တပ်လက်အောက်ပြည်သူ့စစ်တပ်ဖွဲ့တွေကို မတ် ၂၁ ရက်မှာ လက်နက်တပ်ဆင်ပေးခဲ့ပြီး အဲ့ဒီတပ်ဆင်ပွဲကို လပခတိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် တက်ရောက်ပြုလုပ်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေမှာ အဆိုပါနေ့ညပိုင်းက ထုတ်ပြန်လာပါတယ်။

လက်နက်ရရှိတဲ့ ပြည်သူ့စစ်တွေဟာ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကအများစုပါဝင်ပြီး အဲ့ဒီပြည်သူ့စစ်တပ်ဖွဲ့တွေကို မတ္တရာ၊ ထီးတော်မိုးစုဆောင်းရေးတပ်ကနေတဆင့် မန္တလေးတောင်ခြေရှိ ခလရ ၉၅ ကို ပို့ဆောင်စစ်သင်တန်းပေးပြီးတဲ့နောက် အခုလို လက်နက်တပ်ဆင်ပေးခဲ့တာလို့ အဲ့ဒီတပ်နဲ့နီးစပ်တဲ့မြို့ခံတဦးက ပြောပါတယ်။

“ သပိတ်ကျင်းနဲ့ စဉ့်ကူးဘက်က အများစုပါတယ်။ သူတို့(ပြည်သူ့စစ်)တွေကို သပိတ်ကျင်းမှာစုထားပြီး ထီးတော်မိုးစုဆောင်းရေးကို ပို့တယ်။ အဲ့ဒီကနေမှ ခလရ ၉၅ မှာ အသုတ်လိုက် စစ်သင်တန်းပေးတာ” လို့ ပြောပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အခြေစိုက်တဲ့ မန္တလေးမြို့ကို စစ်တပ်ကထိန်းချုပ်ထားနိုင်ပေမယ့် မြို့နဲ့အနီးတဝိုက် သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူး စတဲ့မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသလို မန္တလေးမြို့ပေါ်စစ်တပ်အခြေစိုက်နေရာတွေလည်း မကြာခဏဆိုသလို ရှော့ဒုံးတွေနဲ့ ပစ်ခတ်ခံနေရတာပါ။

လက်နက်တပ်ဆင်ပွဲမပြုလုပ်မီ မတ် ၁၉ ရက် မနက်အစောပိုင်းက မန္တလေးမြို့၊ ၇၈လမ်းနဲ့ ၃၈ လမ်းထောင့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဝန်းအတွင်းရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုပိုင် ရတနာပုံခန်းမကို မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တွေက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီလိုပစ်ခတ်ခံရပြီး ၂ ရက်အကြာမှာ မန္တလေးကပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့အပြင် မတ် ၂၁ ရက်က စတင်ကာ မနက်အစောပိုင်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်လာသလို မြို့တွင်းစစ်ဆေးမှုတွေလည်း ယခင်ထက်ပိုမိုတင်းကျပ်လာတယ်လို့  မြို့ခံတွေဆီကသိရပါတယ်။

" မနက်အစောကြီး ၃ နာရီကနေ မနက် ၅ နာရီအထိ ထပြီးစစ်နေတယ်။ စစ်ယူနီဖောင်းတွေရော၊ အရပ်ဝတ်တွေရော အင်အားအများကြီးပဲ။ ဆိုင်ကယ်တွေကနေ ဖယ်ခိုင်းပြီး ကျွန်မတို့ကိုရပ်ခိုင်းထားသေးတယ်။ ပြီးတော့ဆိုင်ကယ်တွေရှာ လူတွေထဲလည်း ဘာပါလဲစစ်ဆေးပြီးမှပြန်လွှတ်လိုက်တာ။ ကျွန်မဖြင့် တခုခုလုပ်မယ်လို့ ထင်သွားတာ"လို့ စစ်ဆေးခံရတဲ့ စျေးသည်အမျိုးသမီးတဦးက ပြောပါတယ်။

အနောက်ကမ်းနားလမ်း၊ ဝေယံထွန်းစျေး(၄၁လမ်းညစျေး)အနီး၊ စစ်ကိုင်း-မန္တလေးတံတားအနီး၊ ပုသိမ်ကြီး-မန္တလေးအထွက်(၁၉လမ်းမြို့ပတ်လမ်း)တွေမှာ ပိတ်ဆို့စစ်ဆေးနေတာဖြစ်ပြီး ညပိုင်းတွေမှာလည်း ရှောင်တခင်စစ်ဆေးလေ့ရှိကာ ဆိုင်ကယ်တူးဘောက်တွေကို အဓိကထားစစ်ဆေးလေ့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်တွေလက်နက်ပေးပြီးတဲ့နောက် ယခုရက်ပိုင်းအတွင်းမှာပဲ မတ္တရာမြို့ပေါ်ကို ပျူစောထီး(ပြည်သူ့စစ်)တပ်ဖွဲ့တွေ ရောက်ရှိလာကာ စစ်တပ်နဲ့ပူးပေါင်းပြီး မတ္တရာနယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ မတ္တရာမြို့နယ်မှာလှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဒေသအလိုက်ပြည်သူ့စစ်တွေကို အဓိကပါဝင်တိုက်ခိုက်ခိုင်းနေပြီး ၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့ တိုင်းဒေသကြီးနယ်မြေတွေမှာပါ ပြည်သူ့စစ်တွေဖွဲ့ စည်းကာ လက်နက်တပ်ဆင်ပေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #ပြည်သူ့စစ် #လက်နက်တပ်ဆင် #စစ်တပ်ဝန်း #ရတနာပုံခန်းမ #ရှော့တိုက်ဒုံး #ပစ်ခတ်ခံရ #စစ်ဆေးမှု #တင်းကျပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10