စစ်တပ်ယန္တရား ရပ်တန့်ဖို့ဆိုကာ ငါ့သရောက်မြို့က အစိုးရဌာန ၄ ခုကိုတိုက်ခိုက် (ရုပ်/သံ)

စစ်တပ်ယန္တရား ရပ်တန့်စေဖို့ဆိုကာ မန္တလေးတိုင်း၊ ငါ့သရောက်မြို့က စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်ဌာန တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ ငါ့သရောက်မြို့ပေါ်က အဆိုပါဌာန ၄ ခုကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး လျှပ်စစ်ဌာနထဲမှာ လုံခြုံရေးချထားတဲ့ စစ်ကောင်စီတပ်သားတွေက ထွက်ပြေးပြီး ငါ့သရောက်နယ်မြေရဲစခန်းထဲ ပူးပေါင်းသွားတယ်လို့ ပုပ္ပါးပြောက်ကျားတပ်ဖွဲ့ Popa Guerilla Force (PGF) ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။

ငါ့သရောက်နယ်မြေရဲစခန်းနဲ့ လျှပ်စစ်ရုံးဟာ မီတာ ၅၀၀ လောက်သာဝေးပြီး စစ်ကောင်စီ တပ်သားတချို့နဲ့ ရဲတွေဟာ ရဲစခန်းထဲကနေ ပြန်လည်ပစ်ခတ်မှုရှိခဲ့ပေမယ့် တိုက်ပွဲဖြစ်တာမျိုး အထိတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် ညောင်ဦးမြို့ဘက်ကနေ စစ်ကားတချို့ရောက်လာပြီး ငါ့သရောက်နယ်မြေရဲစခန်း ဘက်ကိုလာကြည့်ပြီး ပြန်သွားကြတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Popa Guerilla Force (PGF) အဖွဲ့၊ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည် ဘီလူးတပ်)၊ တောင်သာမြို့နယ် ပကဖ၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ မြင်းခြံခရိုင် တပ်ရင်း ၃၊ 21 Bagan (ညောင်ဦးမြို့နယ် ပကဖတပ်ခွဲ ၃)၊ ဗိုလ်လက်ယာ (မြိုင်မြို့နယ်ပကဖ) အဖွဲ့ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ငါ့သရောက်  #တိုက်ခိုက်ခံရ #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10