စစ်တပ်ယာဥ်တန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး ၅ ဦးကျော်ဒဏ်ရာရကာ စစ်ကားတစီး ခရီးမဆက်နိုင်သေး

စစ်တပ်ယာဥ်တန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး ၅ ဦးကျော်ဒဏ်ရာရကာ စစ်ကားတစီး ခရီးမဆက်နိုင်သေး

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေစကြို-မြိုင်သွားကားလမ်းရှိ ကံသစ်ကျေးရွာနဲ့ မြေဖြူကျင်းကျေးရွာအနီးမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါ ယာဥ်တန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး ၅ ဦးထက်မနည်း ထိခိုက်ထားတယ်လို့ ရေစကြိုပကဖထံက သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက် ညပိုင်းမှာ ပခုက္ကူ ခလရ ၁၀၁ ကနေ ရေစကြို ခလရ ၂၅၈ မှတဆင့် မြောင်ဘက်ကိုလာတဲ့ စစ်ကောင်စီယာဥ် ၄ စီးပါ ယာဥ်တန်းဟာ ည ၉ နာရီကျော်ခန့်မှာ ကံသစ်ကျေးရွာနားမှာ တကြိမ်၊ ည ၁၀ နာရီ ကျော်ခန့်မှာ မြေဖြူကျင်းကျေးရွာနားမှာ တကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

"မြေဖြူကျင်းနားမှာ စကစဘက်က တော်တော်အထိနာသွားတယ်။ မိုင်းက ၁၀ လုံးလောက်သုံးပြီး တိုက်ခိုက်လိုက်တာ။ ဒီမနက်ပိုင်းထိ သူတို့မိုင်းဆွဲခံရတဲ့နားမှာ ရှိနေတုန်းပဲ" လို့ ရေစကြို ပကဖ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ကံသစ်ကျေးရွာနား မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးကို မသိရဘဲ မြေဖြူကျင်းကျေးရွာနား မိုင်းဆွဲမှုမှာတော့ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းထိခိုက်ထားပြီး ကား ၁ စီးလည်း ပျက်စီးနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၁ ရက် မနက် ၁၀ နာရီကျော်ခန့်ထိ စစ်ကောင်စီအဖွဲ့ဟာ မိုင်းဆွဲခံရတဲ့ မြေဖြူကျင်းကျေးရွာနားမှာရှိနေပြီး ကားကိုပြင်ဆင်နေသလို လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က မိုင်းထိလို့ ဒဏ်ရာရတဲ့အခြေအနေကိုတော့ လမ်းသွားလမ်းလာတွေက ပြန်လည်သတင်းပေးလို့ သိရတယ်လို့ ဆိုပါတယ်။

ယနေ့ (နိုဝင်ဘာ ၂၁ ရက်) နံနက်ပိုင်းမှာ ရေစကြို - မြိုင်လမ်းပိုင်းကို ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသည်တင်ယာဥ်၊  အိမ်စီးကားတွေနဲ့ ပြည်သူများအနေဖြင့်  လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြရန် ရေစကြိုပကဖအဖွဲ့က ထုတ်ပြန်သတိပေးထားပါတယ်။

ရေစကြိုမြို့နယ်၊ မြေဖြူကျင်းရွာအနီးမှာ စစ်ကောင်စီတပ်ယာဥ်တစ်စီး မိုင်းထိပျက်စီးနေတာကြောင့် ဖြတ်သန်းသွားလာသောယာဥ်တွေ ဖမ်းဆီးချောဆွဲနေလို့ တားမြစ်ရခြင်းဖြစ်ကြောင်း ရေစကြို(ပကဖ)အဖွဲ့ထံမှ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် ရေစကြိုမြို့နယ်၊ ကိုင်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီအဖွဲ့တွေ ထွက်ပြေးသွားလို့ စစ်သုံ့ပန်း အမျိုးသမီး ၁ ဦးနဲ့လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြို့ #ရေစကြို-မြိုင်ကားလမ်း #ကံသစ်ကျေးရွာ #မြေဖြူကျင်းကျေးရွာ #စစ်ကား #မိုင်းဆွဲ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10