စစ်တပ်ရဲ့ ဒရုန်းဗျူဟာနဲ့ အညာဒေသအတွက် လိုအပ်လာတဲ့ ဒရုန်းကာကွယ်ရေး (ဆောင်းပါး)

စစ်တပ်ရဲ့ ဒရုန်းဗျူဟာနဲ့ အညာဒေသအတွက် လိုအပ်လာတဲ့ ဒရုန်းကာကွယ်ရေး (ဆောင်းပါး)

ဘုတလင်မြို့နယ်ထဲက ကျေးရွာ ၂ ခုကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မနက်ပိုင်း စစ်ဆေးရေးလုပ်နေတဲ့အချိန် စစ်ကောင်စီရဲ့ ဒရုန်း ၁ စီးက ဗုံးကြဲခဲ့တာကြောင့် PDF ရဲဘော် ၄ ဦးစလုံး ဒဏ်ရာရသွားခဲ့ပါတယ်။ ဒဏ်ရာတွေကို ဆေးကုသဖို့ နီးစပ်ရာကျေးရွာဆေးခန်းကိုသွားရောက်ခဲ့ရာ ဒဏ်ရာရရဲဘော်တွေ ဆေးခန်းရောက်ချိန် စစ်ကောင်စီရဲ့ နောက်ထပ်ဒရုန်း ၁ စီးကလည်း နောက်ကလိုက်လာပြီး ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

 ဗုံးပေါက်ကွဲသံထွက်ပေါ်လာပြီးနောက် ဆေးပေးခန်းရှိရာ လူနေအိမ်ခြံဝန်းထဲမှာ လူသေအလောင်းတွေ၊ ဒဏ်ရာရသူတွေ၊ သွေးစတွေနဲ့ အပျက်အစီးတွေဟာ နေရာအနှံ့ အနိဋ္ဌာရုံအပြည့် ဖြစ်သွားခဲ့ပါတယ်။ 

သေဆုံးသူတွေထဲမှာ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ဒဏ်ရာရလာတဲ့ PDF ရဲဘော် ၄ ဦးအပါအဝင် ဆေးခန်းရောက်နေတဲ့ PDF ရဲဘော် ၁ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒီဖြစ်စဉ်ဟာ အခုနှစ် ဇူလိုင် ၁၀ ရက် ဘုတလင်မြို့နယ်ထဲက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးခန်း ၁ ခု ကို စစ်ကောင်စီက ဗုံးနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ပါ။ 

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ အထိနာလာတဲ့ စစ်ကောင်စီတပ်တွေဟာ အခုအခါမှာတော့ စစ်ရေးနည်းဗျူဟာပြောင်းပြီး ဒရုန်းတွေအသုံးပြုကာ တန်ပြန်တိုက်ခိုက်လာတာကြောင့် ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မကြာခဏသေဆုံးမှုတွေရှိလာနေပါတယ်။ 

ဒါကြောင့် အညာဒေသမှာ ဒရုန်းကာကွယ်ရေးနည်းပညာတွေ လိုအပ်လာနေပြီလို့ အညာဒေသက တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက စစ်ကောင်စီရဲ့ ဒရုန်းအန္တရာယ်က သတိထားစရာ ဖြစ်လာနေကြောင်း အခုလို ပြောပြပါတယ်။

“ဒရုန်းကြောင့် ထိတဲ့ မြေပြင်ရဲဘော်တွေလည်း မနည်းမနောဖြစ်လာပြီ။ ဒရုန်းကာကွယ်ဖို့ လိုတယ်ဆိုတဲ့ ဥစ္စာကတော့ ကျနော်မြင်နေတာ ၂၀၂၄ နှစ်စလောက်ထဲက။”

စစ်ကောင်စီက ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ အစပိုင်းကာလတွေမှာ တိုက်ခိုက်ရေးဒရုန်းတွေကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာသလို သူတို့ရဲ့ စစ်သင်တန်းတွေမှာလည်း လက်နက်အဖြုတ်အတပ် အခြေခံသင်တန်းတွေအပြင် ဒရုန်းဘာသာရပ်ကိုပါ ထည့်သွင်းသင်ကြားပေးတာတွေ ပြုလုပ်လာကြပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ဘုန်းကြီးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးသင်တန်းတွေမှာ ဒရုန်းဘာသာရပ်ကို အပတ်စဥ် ၄ ကစပြီး ထည့်သွင်းသင်ကြားပေးနေတာဖြစ်သလို အခုဆိုရင် အပတ်စဥ် ၁၁ ကျော်ထိရှိနေပြီလို့ ကန့်ဘလူအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ ဒရုန်းရဲဘော်တဦးက ပြောပါတယ်။ 

“သင်တန်းတိုင်းမှာ ဒရုန်းသင်တန်းဆင်းသူတွေ ပါတယ်။ အပတ်စဥ် ၁၊ ၂၊ ၃ ပဲ မပါတာ။ ၃ ရဲ့နောက်ပိုင်း အကုန်ပါတော့တာ၊ ခုနောက်ပိုင်းဆို ပိုဆိုးမှာ။ စစ်ဘက်ဆိုင်ရာသုံး VTOL(Vertical Take-Off and Landing Drone) ဆို အကွာအဝေးကို မိုင်ချီပြီး သွားလို့ရတယ်။” လို့ သူက ဆိုပါတယ်။ 

အရင်က နယ်မြေစစ်ကြောင်းထိုးရင် လက်နက်ကြီးနဲ့ ရှေ့ပြေးပစ်ခတ်ပြီးမှ လာလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒရုန်းနဲ့ အရင်ကင်းထောက်ကာ လမ်းကြောရှင်းတဲ့ ပုံစံကို ပြောင်းလဲအသုံးပြုလာပါတယ်။ တိုက်ပွဲ စစ်ကူလာတဲ့အခါမှာလည်း ကာကွယ်ရေးတပ်တွေရှိရာ နေရာကို ဒရုန်းနဲ့ ကင်းထောက်ဗုံးချပြီးမှ စစ်ကူလာတာတွေ လုပ်လာတယ်လို့ ဒရုန်းရဲဘော်တဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းအသုံးပြုတိုက်ခိုက်နေခြင်းဟာ အညာဒေသမှာတော့ စစ်ကိုင်းတိုင်းထဲမှာ အများဆုံးအသုံး ပြုနေတာတွေ့ရတယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

စစ်ကောင်စီက ကာကွယ်ရေးတပ်ဖွဲ့တွေထက်နောက်ကျမှ ဒရုန်းတွေကိုအသုံးပြုပေမယ့် နည်းပညာနဲ့ ငွေအားသာလွန်တာကြောင့် အချိန်တိုအတွင်းမှာ ဒရုန်းတိုက်စစ်ကို အရှိန်မြှင့်နိုင်ခဲ့တာကို တွေ့ရပါတယ်။ 

နိုဝင်ဘာ ၂၀ ရက် နေပြည်တော်မှာ ဒုတိယစစ်ခေါင်းဆောင်စိုးဝင်းဦးဆောင်လုပ်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ဖြည့်စွက်ခွင့်ပြုငွေစာရင်းများတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျပ်ဘီလျံ ၃၉,၀၀၀ ကျော်သုံးစွဲဖို့လျာထားခဲ့ပေမယ့် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခဲ့ရာမှာ ကျပ်ဘီလျံ ၄၁,၀၀၀ ကျော်အထိ သုံးစွဲဖို့လျာထားတယ်လို့ သိရပါတယ်။

ဘဏ္ဍာငွေကြေးသုံးစွဲမှု အသေးစိတ်အချက်လက်ကို ဖော်ပြထားခြင်းမရှိပေမယ့် ဒီဘတ်ဂျက်ငွေပမာဏအရ စစ်ကောင်စီဟာ ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုသုံးစွဲနေတယ်ဆိုတဲ့သဘောကို ဖော်ပြထားခြင်းဖြစ်ပါတယ်။

အခုပမာဏာဟာ စံချိန်တင်ဘက်ဂျက်သုံးစွဲတာဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၃၀,၀၀၀ ကျော်သာ သုံးစွဲခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အဲဒီလို ငွေကြေးတတ်နိုင်တာကြောင့် လက်ရှိအညာဒေသမှာ သူတို့အသုံးပြုတဲ့ဒရုန်းတွေမှာ ဘက်ထရီ ၁ လုံးတင် ကျပ်သိန်း ၅၀ ကျော်ရှိတယ်လို့ ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ဒရုန်းရဲဘော်တဦးက ပြောပါတယ်။ 

သူတို့(စကစ)ရဲ့ ဒရုန်းတွေဟာ အသွားအပြန် ၁၂ မိုင်အထိ မောင်းနှင်လို့ရပြီး ကာကွယ်ရေးတပ်တွေအသုံးပြုတဲ့ ဒရုန်းတွေကတော့ ၄ မိုင်ကနေ ၆ မိုင်အထိသာ မောင်းနှင်နိုင်ကြတယ်လို့ စစ်တပ်ဒရုန်းနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေအသုံးပြုတဲ့ဒရုန်း ကွာဟချက်ကို သူက ရှင်းပြပါတယ်။ 

အခုနှစ် အစောပိုင်းကာလမှာ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာရွာက စစ်ကောင်စီအထိုင်စခန်း ၁ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းဗုံးချ တိုက်ခိုက်ပြီး ပြန်ဆုတ်ခွာ မောင်းနှင်ချိန် စစ်ကောင်စီရဲ့ ဒရုန်းကပါ တော်လှန်ရေးရဲဘော်တွေရဲ့ ဒရုန်းနောက်က ကပ်ပါလာခဲ့ပြီး ဗုံးသီးပြန်ကြဲချခဲ့ရာမှာ ရဲဘော်တွေရဲ့ ဗုံးသီးသေတ္တာ ပေါ်ကျခဲ့ပေမယ့် ဗုံးက မပေါက်ကွဲတဲ့အတွက် ရဲဘော်တွေ ထိခိုက်ကျဆုံးမယ့်ဘေးကနေ လွတ်ခဲ့ရတယ်လို့ အဲ့ဒီဖြစ်စဥ်မှာ ပါဝင်ခဲ့တဲ့ ရဲဘော်က ပြန်ပြောပြပါတယ်။ 

“ရှေ့က(ရှေ့တန်း) ရဲဘော်တွေဆို တော်တော်လန့်တယ်။ ဘာလို့ဆို သူတို့(စစ်တပ်)ဆီက ဗုံးသီးက အောင်လည်း အောင်တယ်၊ ပြီးတော့ တရုတ်ထုတ်တွေဆိုတော့ တော်တော်လည်း ကောင်းတယ်။ ရှေ့က ရဲဘော်တွေဆို ကျနော်တို့ထက် ပိုကြောက်တယ်၊ ဂျက်ဖိုက်တာတို့ 35 တို့ဆို အဲ့လောက်ထိ ရင်မခုန်တော့ဘူး။” လို့ ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ဒရုန်းရဲဘော်တဦးက ပြောပါတယ်။ 

စစ်ကောင်စီက မြေပြင်မှာ ဒရုန်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်နေချိန် တဖက်မှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာ ၉ ရက်က သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ချုံချင့်မြို့ ခရီးစဥ်မှာ Zhongyue Aviation UAV Firefighting-Drone ကုမ္ပဏီရဲ့ အဆင့်မြင့်ဒရုန်း ခင်းကျင်းပြသမှုကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်တပ်ပိုင် သတင်းဌာနတွေမှာ ဖော်ပြထားကြပါတယ်။

စစ်တပ်ရဲ့ ဒရုန်းအန္တရာယ်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေသာမက ပြည်သူတွေပါ ခြိမ်းခြောက်ခံနေရတာဖြစ် ပါတယ်။ 

လက်နက်ကိုင် တိုက်ပွဲအတွက် စစ်ကောင်စီက ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာပေမယ့် အရပ်သားပြည်သူတွေသာ ထိခိုက်သေဆုံးမှုများနေပြီး ကန့်ဘလူမြို့နယ်တခုထဲမှာတင် ဒရုန်းကြောင့် ပြည်သူ ၂၀ ကျော်ထိ သေဆုံးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဒရုန်းကြောင့် သေဆုံးမှုတွေထဲမှာ အောက်တိုဘာ ၁၂ ရက်ကဖြစ်ခဲ့တဲ့ အင်းလယ်ကြီးရွာဖြစ်စဥ်လည်း ၁ ခုအပါအဝင်ပါ။ 

ပျူစောထီးအားကောင်းတဲ့ ငတို့ ရွာက စစ်ကြောင်းဟာ အင်းလယ်ကြီးရွာသားတွေ အိပ်မောကျနေချိန် မနက် ၁ နာရီကျော်မှာ ဒရုန်းနဲ့ ဗုံး ၆ လုံးကြဲချခဲ့တာကြောင့် အင်းလယ်ကြီးရွာ ပကဖခေါင်းဆောင်ရဲ့ ဇနီးနဲ့ သမီးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကျင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချလို့ PDF ရဲဘော် ၁ ဦးအပြင် သံဃာ ၁ ပါးနဲ့ ခရီးသည် ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ 

ကျီးကျင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားသွားကားလမ်းပေါ်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ခရီးသွားကားတွေကို စစ်ဆေးရေးလုပ်နေချိန် ဇီးကုန်း၊ သကြားစက်ဘက်ကနေ စစ်ကောင်စီအဖွဲ့က ဒရုန်းနဲ့  ၂ ကြိမ် ဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

အလားတူ စက်တင်ဘာ ၂၈ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှန်နီပင်ကျေးရွာထိပ် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်မှာ ကားပိတ်နေချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးချလို့ အသက် ၅ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့ပါသေးတယ်။ 

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ လေကြောင်းရန်အပြင် တိုက်ခိုက်ရေးဒရုန်းရန်ကိုပါ သတိထားဖို့ လိုအပ်လာပြီး ကတုတ်ကျင်းတွေ မဖြစ်မနေတူးကြဖို့၊ လေယာဥ်သံမှ မဟုတ်ဘဲ ဒရုန်းသံကြားရင်လည်း ကတုတ်ကျင်းထဲမှာ ပုန်းခိုတာမျိုး လုပ်သင့်တယ်လို့ ကန့်ဘလူမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက အကြံပြုပါတယ်။ 

အခုလို ထိခိုက်သေဆုံးမှုတွေကြောင့် စစ်ကောင်စီရဲ့ ဒရုန်းအန္တရာယ်ကနေ ကာကွယ်ပေးမယ့် ဂျန်မာစက်တွေ၊ ဒရုန်းဂန်း(Dorne Gun)တွေ လိုအပ်လာနေပြီဆိုတာသိပေမယ့် ငွေကြေးအခက်အခဲကြောင့် လက်နက်ခဲယမ်းကိုတောင် အကန့်အသတ်နဲ့ ဖြည့်တင်းနေရတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဒရုန်းရန်ကာကွယ်ဖို့ ပစ္စည်းလိုအပ်ချက်က စိန်ခေါ်မှုတခု ဖြစ်နေတယ်လို့ ကလေးဒေသခံ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။ 

တန့်ဆည်မြို့နယ်ထဲက ရဲဘော်တဦးကလည်း စစ်ကောင်စီက နည်းပညာတိုက်ပွဲဘက်ကို ပြောင်းလာတဲ့အတွက် ကာကွယ်ရေးတပ်တွေဘက်မှာလည်း စစ်တပ်ရဲ့ ဒရုန်းရန်ကနေ ကာကွယ်နိုင်မယ့် နည်းပညာတွေ၊ စစ်လက်နက်ပစ္စည်းတွေ လိုအပ်မှု ရှိလာပြီလို့ ပြောပါတယ်။

ဒရုန်းရန်ကို ကာကွယ်နိုင်တဲ့ ဂျန်မာစက်တွေ၊ Anti Drone Gun တွေဟာလည်း ကျပ်သိန်း ၂၀၀ အထက်မှာ ရှိနေကြပါတယ်။

တော်လှန်ရေးကာလ အစောပိုင်းနှစ်တွေမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသာ ဒရုန်းအသုံးပြုတာ ကြောင့် တိုက်ပွဲဖော်ဆောင်ချိန် အလုပ်မရှုပ်ပေမယ့် စစ်ကောင်စီကပါ ဒရုန်းသုံးလာချိန်မှာတော့ ရန်သူ့ဒရုန်းနဲ့ ကာကွယ်ရေးတပ်တွေရဲ့ ဒရုန်းကို ခွဲရတဲ့ အလုပ်တခုက ပိုလာသလို ဒရုန်းချင်းမှားပြီး ပစ်ချတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

စစ်ရေးမစ်ရှင်တွေမှာ ဒရုန်းတွေနဲ့ပတ်သက်ပြီး ဂရုစိုက်လုပ်ကိုင်လာရတဲ့ အခြေအနေတခုကို ကန့်ဘလူ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ဒရုန်းရဲဘော်တဦးက အခုလိုရှင်းပြပါတယ်။

“အဖွဲ့တွေများလို့ ၄၊ ၅စီး ဖြစ်သွားရင် အော်ရတော့တာ၊ အရင်ကဆို မအော်ဘူး၊ လွတ်လွတ်လပ်လပ်ပဲ။ ခုနောက်ပိုင်းကျ ဒါ**ဒရုန်းလား ဘာဒရုန်းလား အမြဲစိစစ်နေရတော့တာ၊ ပွဲ ၁ ပွဲ မပြီးမချင်း ကျနော်တို့က ကျနော်တို့ ဒရုန်းနော် အမြဲတမ်း အော်နေရတော့တာ၊ **ဒရုန်း မှားပါလာမှာစိုးလို့။”  

ဒရုန်းစစ်ဆင်ရေးနဲ့ ဒရုန်းထုတ်လုပ်မှုကို အဓိကလုပ်ဆောင်နေတဲ့ Federal Wings အဖွဲ့ကတော့ နိုဝင်ဘာ ၂ ရက်မှာ ရန်သူရဲ့ ဒရုန်းရန်ကနေကာကွယ်နိုင်သလို ဈေးသက်သာတဲ့ Federal Shield လို့ အမည်ပေးထားတဲ့ ဂျန်မာကို စမ်းသပ် ထုတ်လုပ်နိုင်ပြီလို့ ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းရန်ကနေ ကာကွယ်ဖို့က ဂျန်မာစက်၊ Anti Drone Weapon၊ Slayer စတဲ့ စစ်လက်နက် တွေလိုအပ်သလို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ဆိုရင် အဲ့ဒီပစ္စည်းတွေက နည်းပညာပိုင်းဆိုင်ရာ အမြဲအဆင့်မြှင့်ဖို့ လိုအပ်တာကြောင့် နည်းပညာတွေလည်း လိုအပ်နေတယ်လို့ မြေပြင်ရဲဘော်တွေက ထောက်ပြပါတယ်။ 

ဒါကြောင့် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူတွေအနေနဲ့ နည်းပညာရှင်တွေကို အကူညီတောင်းခံတာ၊ ပြင်ပက နည်းပညာအကူညီပေးနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပိုလုပ်ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်လို့ တန့်ဆည်မှာ အခြေစိုက်လှုပ်ရှားနေတဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။  

တိုက်ပွဲကာလ ကြာလာတာနဲ့အမျှ များပြားလာတဲ့ လိုအပ်ချက်တွေထဲမှာ နည်းပညာ အလေးသာမှုတွေလည်း ပါဝင်လာပြီး အခုလက်ရှိမှာတော့ စစ်ကောင်စီက နည်းပညာပိုင်းမှာ အားသာနေတယ်လို့ တန့်ဆည်နယ်ထဲက တော်လှန်ရေးရဲဘော်တဦးက မှတ်ချက်ပြုပါတယ်။

 “တော်လှန်ရေးတပ်ဘက်ကနေ ကောင်တာဖို့ နည်းပညာတွေ ပြန်ပြီးတော့ မထုတ်နိုင်ဘူးဆိုရင် ကျနော်တို့ ဘက်က စစ်ရှုံးဖို့ ရာခိုင်နှုန်းများတယ်။”

#မြေလတ်အသံ

#အညာ #ဒရုန်း #စစ်တပ် #ကာကွယ်ရေးတပ်ဖွဲ့ #ဆောင်းပါး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10