စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အထူးလှုပ်ရှားတပ်ရင်း ၅ က ဒုတပ်ရင်းမှူး ကျဆုံး

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အထူးလှုပ်ရှားတပ်ရင်း ၅ က ဒုတပ်ရင်းမှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ဇလပ်ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 က ဒုတပ်ရင်းမှူး ကျဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

မေ ၂၉ ရက် မနေ့ကနေ့လယ်ပိုင်းမှာ အဆိုပါဒုတပ်ရင်းမှူနဲ့အဖွဲ့ဟာ မြို့ပေါ်ကို မစ်ရှင်လုပ်ဖို့သွားချိန် စစ်ကောင်စီဘက်က နောက်ယောင်ခံလိုက်တာကိုခံရတဲ့အတွက် လူစုခွဲလိုက်ချိန်မှာ ပစ်ခတ်မှုဖြစ်ခဲ့ကြတာပါ။ 

အပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန်မှာ စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 ဒုတပ်ရင်းမှူး ကိုဒီမို(ခ) ကိုရန်နိုင်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၁ ဦးသေကာ ၁ ဦးခြေထောက်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“တောက်လျှောက် အလိုက်ခံရတော့ လူစုခွဲပြီး အိမ်တအိမ်မှာ အ၀တ်စားလဲနေချိန် ကားနဲ့ လာပစ်သွားတာ။ အကိုလည်း ၇ ချက်ပြန်ပစ်တယ်။ ဟိုဘက်က(စစ်ကောင်စီ) ၂ ယောက်ထိတယ်၊ ၁ ယောက်သေတယ်။ သေတာက တပ်ကြပ်ကြီးလို့ကြားတယ် အတည်ပြုတုန်းပါ။” လို့ SR 5 အဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကလေးဒေသခံတဦးကလည်း “စစ်‌ကောင်စီဘက်က သေတာက အရာရှိထဲကပဲသေတာ။ ပွဲချင်းပြီးပဲ အပင်အောက်မှာ လဲနေတာ။ တယောက်က ခြေထောက်ထိတယ် မသေဘူး။” လို့ ပြောပါတယ်။ 

အခင်းဖြစ်ပွားရာနေရာမှာရှိတဲ့ နေအိမ်ကမိသားစုတွေကိုလည်း စစ်ကောင်စီဘက်က လာရောက်ဖမ်းဆီးသွားပြီး အိမ်ချိပ်ပိတ်သွားတယ်လို့ ပြောဆိုနေကြပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ လိပ်စာအတိအကျနဲ့ သတင်းပေးတဲ့အတွက် သွားရောက်ဖမ်းဆီးစဉ် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားပြီး PDF အလောင်း ၁ လောင်း၊ ပစ္စတို ၁ လက်၊ ကျည် ၁၆ တောင့်၊ ကျည်အိမ် ၂ခု၊ ဖုန်း ၁လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကိုဒီမိုဟာ စစ်အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင် လှုပ်ရှားနေသူတဦးဖြစ်ပြီး၊ ကလေး PDF ရဲ့ ဒုစစ်ဦးစီးချုပ်၊ ကလေးခရိုင် တပ်ရင်း ၁ တပ်ရင်းမှူး၊ Operation momo UG အဖွဲ့ခေါင်းဆောင် စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိ SR 5ရဲ့ ဒုတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ ကလေးဒေသခံ ရဲဘော်တွေက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #တောင်ဇလပ် #ဒုတပ်ရင်းမှူး #ကျဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10