စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ဗုံးကြဲတဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်တာကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီးသွားတယ်လို့ မေလ ၂၇ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မေလ ၂၄ ရက်မှာ ဟီးဖိုးဒဲ၊ မိုးညှင်းဒဲ၊ ကွီးဒိုးခေါ် ကျေးရွာတွေဘက်ကို တရက်တည်းလေကြောင်းကနေ အနည်းဆုံး ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုတွေကြောင့် မိုးညှင်းဒဲကျေးရွာက အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရပြီး ဒေသခံနေအိမ် ၅ လုံးပျက်စီးခဲ့ကာ ဟီးဖိုးဒဲကျေးရွာမှာတော့ လယ်ကွင်းထဲလွှတ်ထားတဲ့ နွား ၄ ကောင်သေဆုံးပြီး ၁၃ ကောင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

"တိုက်ပွဲတော့မရှိဘူး။ ဘာကြောင့်ဗုံးလာကြဲပြီး လက်နက်ကြီးတွေပစ်တယ်ဆိုတာတော့ သူတို့ပဲ သိလိမ့်မယ်။ စစ်တပ်က ဗုံးကြဲပစ်ခတ်လို့ ထိခိုက်ဆုံးရှုံးရတာက ဒေသခံတွေပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် မေလ ၂၃ ရက်ကလည်း နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ ပေါက်ကုန်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာထဲရောက်နေတဲ့ ရွှေတဲစုရွာသား အသက် ၆၂ နှစ်အရွယ် ဦးကျော်စိုး ခြေထောက် ဗုံးအစမှန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ 

စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ချိန်၊ လက်နက်ကြီးပစ်ခတ်ချိန်တွေမှာဆို ဒေသခံတွေဟာ ဗုံးခိုကျင်းတွေပုန်းအောင်သူနဲ့ ကျေးရွာကနေ ယာယီထွက်ပြေးကြရပြီး ပစ်ခတ်မှု ငြိမ်သက်သွားချိန်မှ ရွာထဲပြန်နေကြရတယ်လို့ ဆိုပါတယ်။ 

မေလ ၁၂ ရက်ကလည်း ကျောက်ကြီးအခြေစိုက် ခမရ ၄၃၉ တပ်ရင်းမှ သင်္ကန်းကုန်းကျေးရွာထဲကို လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာထဲကိုကျရောက်ပြီး အသက် ၄၃ နှစ်အရွယ် မစု နဲ့ ကိုသန်းစိုး ၃၉ နှစ်တို့ ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #လေကြောင်းပစ် #လက်နက်ကြီးပစ် #ဒဏ်ရာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10