စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး လသားအရွယ်ကလေးအပါ ၉ ဦးဒဏ်ရာရ

စစ်တပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုတွေကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး လသားအရွယ်ကလေးအပါ ၉ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာနဲ့ ဘောကထာကျေးရွာတွေကို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဧပြီ ၂၄ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက်အတွင်း ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းကနေ ဘုရားကြီး ကျေးရွာနဲ့ ဘောကထာကျေးရွာဘက်ကို လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့သလို တိုက်လေယာဥ် ၁ စီး၊ ရဟတ်ယာဥ် ၁ စီးနဲ့လည်း အဲ့ဒီကျေးရွာတွေတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

"သိရသလောက်က အဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်တယ်လို့တော့ကြားတယ်။ အဲ့နေရာတွေက KNU ထိန်းချုပ်နယ်မြေဆိုတော့ စကစဘက်ကလည်း လေကြောင်းကနေပစ်တာနဲ့ လက်နက်ကြီး ပစ်တာတွေက အမြဲလိုလိုလုပ်လေ့ရှိတယ်" လို့ ဒေသခံတဦးကပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ဘုရားကြီးကျေးရွာက အသက် ၅၅ နှစ်အရွယ် ဒေါ်စန်း၊ ၄၆ နှစ်အရွယ် ဒေါ်ကေသီထွန်းတို့ လက်နက်ကျည်ထိမှန်သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

ဒါ့အပြင် ဘုရားကြီးနဲ့ ဘောကထာကျေးရွာတွေက ညာနော်ဂေး ၆၈ နှစ်၊ ဒေါ်တူတူးဖိုး ၆၅ နှစ်၊ ဒေါ်ပုချို ၅၆ နှစ်၊ နော်နန်းထွေး ၄၀ နှစ်၊ မောင်ခိုင်ထွန်းဦး ၂၅ နှစ်၊ မောင်ထက်ချိုအောင် ၁၇ နှစ်၊ မောင်အောင်ကောင်းမာန် ၁၄ နှစ်၊ စောစိုင်းထက်ဦး ၁ နှစ်၊ စောသန်းပြည့်ဇော် ၆ လ တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ မတ် ၈ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ ရေလဲကျေးရွာနဲ့ ရင်းတိုက်ကုန်းကျေးရွာတွေ ကို စစ်တပ်က လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ပါပစ်ခတ်ခဲ့ရာ ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဧပြီ ၂၄ ရက်အထိ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ပြည်သူစုစုပေါင်း ၄၉၂၇ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #ဘုရားကြီး #ဘောကထာ #စစ်ကောင်စီ #လက်နက်ကြီးပစ် #လေကြောင်းဗုံးကြဲ #ဒေသခံထိခိုက် #အမျိုးသမီးသေဆုံး #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10