စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့တွင်းပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော်သေဆုံး

စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့တွင်းပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော်သေဆုံး

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ထီးချိုင့်မြို့ထဲမှာ ပိတ်မိပြီးသေဆုံးတဲ့ ပြည်သူ ၁၀၀ကျော် အထိရှိနေကာ မြို့ရဲ့ သုံးပုံနှစ်ပုံလောက် မီးရှို့ခံထားရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက နေသိရပါတယ်။

နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစတင်ခဲ့တဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ကြိမ်အသုံးပြုခဲ့တာကြောင့် မြို့ထဲမှာ တိုက်တွေ လူနေအိမ်တွေ ပြိုကျတဲ့အထဲမှာ သေဆုံးသူတွေရှိသလို လေယာဥ်ပေါ်ကနေ စက်လတ်နဲ့ ပစ်ခတ်လို့ သေဆုံးသူတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့ရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ RC တိုက်တလုံးမှာ မြေအောက်လှိုဏ်ဂူရှိပြီး အဲဒီတိုက်ထဲကို အိမ်ရှင်တွေနဲ့ အနီးဝန်းကျင်က လူ ၂၀ ကျော်လောက်ပုန်းနေကြပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ကပြိုကျကာ အထဲမှာရှိတဲ့ လူတွေအကုန်သေဆုံးသွားတယ်လို့ဆိုပါတယ်။ 

သေဆုံးသူတွေရဲ့ အလောင်းကောက်မရသလို လူဦးရေစာရင်းအတည်ပြု မရဘူးလို့လည်း ဆိုပါတယ်။

"မနေ့ကမှ ကျွန်တော်တို့တွေလည်း သတင်းရတယ်။ တချို့အလောင်းတွေကိုတော့စုပြုံပြီး ခွေးတွေ (စကစ)က မီးပုံရှို့ထားတယ်လို့ သိရပါတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့တွင်းမှာရှိတဲ့ ထီးချိုင့်တောင်ပေါ်မှာ ဒီနေ့အထိ စစ်တပ်က တပ်စွဲထားဆဲဖြစ်ပြီး အိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တက်လာတဲ့အခါ တောင်ပေါ်ကနေ ထင်ထင်ရှားရှားမြင်နိုင်ရန် လူနေအိမ်စိပ်တဲ့ရပ်ကွက်တွေကို စစ်ကောင်စီက လိုက်လံမီးရှို့ထားတယ်လို့ သိရပါတယ်။

" ကိုယ့်ဘက်(PDF)က တက်လာတဲ့အခါ ထင်ထင်ရှားရှား အကုန် မမြင်ရလောက်တဲ့နေရာတွေကို သူတို့ မြင်ရအောင်လိုက်ရှို့တယ်ပြောတာပဲ" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေက မြို့တွင်းကနေဆုတ်ခွာထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်း မြို့ထဲမှာရှိနေတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲဟာ နိုဝင်ဘာ ၁၀ ရက်ကနေ ၁၅ ရက်ထိ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က စစ်ရှောင်ပြည်သူတွေရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် တိုက်ပွဲရပ်နားခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ အင်အားထပ်တိုးကာ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ထီးချိုင့်မြို့ပေါ်က နေအိမ်တွေကို မီးရှို့တာတွေ နိုဝင်ဘာ ၂၄ ရက် အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ ထီးချိုင့်မြို့နဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်မယ်လို့ သတင်းရထားတဲ့အတွက် မြို့ထဲမှာကျန်နေတဲ့ ပြည်သူတွေထွက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကနေ နိုဝင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ခွင့်ပြုပေးထားတယ်လို့သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးတဲရွာ၊ အင်းတိန်ရွာနဲ့ အနီးနားကျေးရွာတွေက စစ်ရှောင်ပြည်သူ ၂၂ ဦးနဲ့ ထီးချိုင့်မြို့တွင်းက ပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော် စုစုပေါင်း ပြည်သူ ၁၂၀ ကျော်တို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ပုံစာ - စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် ထီးချိုင့်မြို့မြင်ကွင်း။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ထီးချိုင့်မြို့ #ဓားစားခံ #လူသားဒိုင်း # စစ်တပ် #မီးရှို့ #လေယာဉ် #အလောင်းဖျောက် #မြို့သိမ်းတိုက်ပွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10