စစ်တပ်လက်ချက်ကြောင့် ရဲဘော် ၂ ဦးနဲ့ ပြည်သူ ၅ ဦးသေဆုံး၊ တချို့ကို ဦးခေါင်းဖြတ် ဗိုက်ခွဲသတ်ခဲ့

စစ်တပ်လက်ချက်ကြောင့် ရဲဘော် ၂ ဦးနဲ့ ပြည်သူ ၅ ဦးသေဆုံး၊ တချို့ကို ဦးခေါင်းဖြတ် ဗိုက်ခွဲသတ်ခဲ့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်မှာ ခမရ ၃၆၁၊ ဝါသဝပျူစောထီးစစ်ကြောင်းနဲ့ ၆၀၀၆ တပ်က ပူးပေါင်းအင်အား ၁၅၀ ပါ စစ်ကြောင်းရဲ့ ပစ်ခတ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုတွေကြောင့် ရဲဘော် ၂ ဦးနဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီစစ်ကြောင်းက ချောင်းရိုးရွာကိုစတင် ဝင်ရောက်တဲ့ မတ်လ ၂၂ ရက် မနက်ပိုင်းမှာလည်း  ရွာသင်္ချိုင်းမှာ ရှောင်နေတဲ့ ကိုမိုးဝင်းဆိုသူနဲ့ ရွာထဲနေ ကိုအောင်ကျော်ဦးတို့ကို ဖမ်းပြီး ၂ ဦးစလုံးကို နေ့လယ်ပိုင်းမှာ သတ်ခဲ့ပါတယ်။ 

“တယောက်ကိုတော့ တိုင်မှာ လက်ပြန်ကြိုးတုတ် ခေါင်းဖြတ်ထားခဲ့တယ်၊ မနက်ခင်းဖမ်းပြီး စစ်မေးရင်းနဲ့ တိုင်မှာကြိုးချည်ပြီးသတ်ထားခဲ့တာ။ နောက်တယောက်ကတော့ လက်ပြန်ကြိုးတုတ် လည်ပင်းကို ကြိုးကွင်းစွပ် လည်လှီးသတ်ပြီး ချောင်းထဲကို မျှောပစ်လိုက်တယ်၊” လို့ ချောင်းရိုးရွာသားတဦးက ပြောပါတယ်။

ကိုမိုးဝင်းရဲ့ ခေါင်းကိုဖြတ်ကာ ကော်ပုံးတခုထဲမှာ ထည့်ထားခဲ့ပြီး ခန္ဓာကိုယ်ကိုလည်း တိုင်မှာ ကြိုးတုပ်လျှက်အနေအထားနဲ့ ဗိုက်ခွဲအူထုတ်ထားတဲ့အနေအထား ပြန်တွေ့ရတယ်လို့ အထက်ပါရွာသားက ဆိုပါတယ်။ 

ဒါ့အပြင် မတ်လ ၂၃ ရက် ညနေ ၅နာရီဝန်းကျင်ကလည်း ဖန်း‌ခါးဇင်ရွာမှာ စစ်ကောင်စီ စစ်ကြောင်းကပစ်တဲ့ သေနတ်ကျည်ထိမှန်လို့ အသက် ၃၀ ကျော်အရွယ် ကိုမြတ်မော် သေဆုံးခဲ့ပါတယ်။

“ရွာက အမျိုးသားတဦး ပစ်သတ်ခံရတယ်၊ ဘဲစာကျွေးနေ့စားအလုပ်သမားထင်တယ်။ ဘဲခြံနားမှာပဲ ပစ်ခံရတာ။ လက်နက်ကြီးပစ်တဲ့နားနဲ့ မနီးမဝေးမှာနေနေလို့ လှမ်းပစ်ခံရတဲ့ ပုံစံမျိုး။”လို့ ဖန်းခါးဇင်ရွာသားတဦးက ပြောပါတယ်။

ကိုမြတ်မော်ဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ လက်နက်ကြီးအဖွဲ့အနီးမှာ ရှိနေခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ နှစ်ဖက်ပစ်ခတ်ချိန်အတွင်းမှာ ကျည်ထိမှန်သေဆုံးခဲ့တာပါ။ 

အလားတူ မတ်လ ၂၃ ရက် မနက်ပိုင်းမှာပဲ ချောင်းရိုးရွာအနီးမှာ တန့်ဆည်ခရိုင်လက်နက်ကြီးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲဘော် ၁ ဦး ပွဲချင်းပြီးကျဆုံးကာ ရဲဘော် ၁ ဦးကတော့ ပေါင်ထိမှန် ဒဏ်ရာနဲ့ ဖမ်းခံရပြီး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က တေ့ပစ် ပစ်မလို့ ရှေ့တိုးချိန် သူတို့ ကင်းပုန်းကအရင်ရောက်နေပြီး Battle ပစ်လိုက်ရတာ။ သူတို့က ဦးသွားတာပေါ့၊ ပေါင်မှန်ပြီးမိသွားတဲ့ ရဲဘော်ရဲ့ ခေါင်းကို သေနတ်ဒင်တွေနဲ့ ထုပြီး သတ်ထားခဲ့တာ။ ရုပ်ကို မမှတ်မိလောက်အောင်ပဲ၊ ကိုယ့်ရဲဘော်မို့လို့သာ သိတာ။”လို့ တန့်ဆည်ခရိုင် လက်နက်ကြီးအဖွဲ့ ၁  Stone အဖွဲ့ရဲ့ ရဲဘော်တဦးက ပြောပါတယ်။

ရဲဘော် ဝေဖြိုးအောင်ကတော့ ဦးခေါင်းသေနတ်မှန် ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ရဲဘော် စိုးသူကတော့ ပေါင်မှန်ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲဘော် ၂ ဦးစလုံးဟာ တန့်ဆည်ခရိုင် လက်နက်ကြီးအဖွဲ့ ၁ Stone အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ 

ရဲဘော်‌တွေနဲ့ ပြည်သူတွေရဲ့ အလောင်းကို မတ်လ ၂၄ ရက် မနက်ပိုင်းမှာပြန်ကောက်နိုင်ခဲ့ပြီး နေ့လယ် ၂ နာရီမှာ အမိန့်ပြန်တမ်းထုတ် သင်္ဂြိုဟ်ခဲ့ကာ ပြည်သူတွေကိုလည်း တချိန်တည်း သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ ချောင်းရိုးရွာနဲ့ ဖန်းခါးဇင်ရွာကြားမှာရှိနဲ့ အိမ် ၄ လုံး၊ ဆိုင်ခန်း ၅လုံး၊ ကြက်ခြံ ၃လုံး၊ ဖန်းခါးဇင်ရွာက အိမ်ခြေ ၅၄ လုံးကိုလည်း မီးရှို့ခဲ့ပါတယ်။ 

အဆိုပါစစ်ကြောင်းဟာ မတ်လ ၂၃ ရက်မှာ တန့်ဆည်နယ်ထဲကနေ ရေဦးမြို့ပေါ်ကို ပြန်ထွက်သွားခဲ့ပါတယ်။ 

အဲ့ဒီနောက် မတ် ၂၄ ရက်မှာ ရေဦးနယ်အတွင်း ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ချိန် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်ရာ ရေဦးမြို့နယ်၊ ဗိုလ်ရုံရွာက အသက် ၄၅ နှစ်အရွယ် မကြူ‌သေဆုံးကာ အသက် ၈၀ အရွယ် အဖွား‌ဒေါ်အုံးရီ လက်နက်ကြီးကွဲ သံကြောင့် နှလုံးရပ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းက မတ်လ ၁၈ ရက် ကန့်ဘလူမြို့ကနေ တန့်ဆည်မြို့နယ်ထဲကို ဝင်လာချိန်ကနေ ပြန်ထွက်သွားတဲ့ မတ်လ ၂၄ ရက်အတွင်း အဲ့ဒီစစ်ကြောင်းရဲ့ လက်ချက်ကြောင့် တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့နယ်က ဒေသခံပြည်သူ ၈ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း စစ်ကောင်စီရဲ့ ခမရ ၇၀၈၊ ခမရ ၃၆၁ နဲ့ ဝါသဝ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက တန့်ဆည်မြို့နယ်ကျေးရွာတွေက ရပ်ကျေး ပကဖနဲ့ ပအဖ တာဝန်ခံ ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း လှောင်ပြောင်စရာတွေ ပြုလုပ်ထားခဲ့ပါတယ်။ 

စာတည်း -  လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #တန့်ဆည် #စစ်ကောင်စီ #ပျူစောထီး #သတ်ဖြတ် #ဒေသခံ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10