စစ်တပ်လက်နက်ကြီးကြောင့် သေဆုံး၊ဒဏ်ရာရတဲ့ နတ်တလင်းဒေသခံအမျိုးသမီးတွေကို PDF တွေလို့ သတင်းအမှားဖြန့် (Fact Check)

စစ်တပ်လက်နက်ကြီးကြောင့် သေဆုံး၊ဒဏ်ရာရတဲ့ နတ်တလင်းဒေသခံအမျိုးသမီးတွေကို PDF တွေလို့ သတင်းအမှားဖြန့် (Fact Check)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာမှာ ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး  သေဆုံး၊ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ သတင်းအမှားဖြန့်ဝေနေပါတယ်။

 

■ သတင်းအမှားပျံ့နှံ့မှု ■

“ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်နတ်တလင်းမြို့နယ် ပဒက်များကြီးစိုးရာဆီဆုံကုန်းရွာဖက် ထပ်သုတ်ကြပါဦး။ လက်နက်ကြီးထိမှန်သေဆုံးသွားကြတာ ပဒက်အထီးတစ်ကောင်မှမပါသေးဘူး ပဒက်မတွေချည်းထိကုန်ကြသည် (မူရင်းရေးသားချက်အတိုင်း)” ဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၂၅,၃၀၀ ကျော်ရှိ Truth Media တယ်လီဂရမ်ချန်နယ်မှ ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီ ၂၇ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၇ ရက် ဒီကနေ့ မနက်ပိုင်းအထိ ကြည့်ရှုသူ ၁၃,၆၀၀ ကျော် Reaction ၉၄ ခုနဲ့ မှတ်ချက် ၁၅ ခု ရှိခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် အထက်ပါအကြောင်းအရာကို Truth Media တယ်လီဂရမ်ချန်နယ်က ဖော်ပြပြီး ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီ ၂၇ မိနစ် တချိန်တည်းမှာပဲ Subscribers ၃၃,၁၀၀ ကျော်ရှိတဲ့ နေပြည်တော် တယ်လီဂရမ်ချန်နယ်က ထပ်ဆင့်မျှဝေဖော်ပြခဲ့တာကို တွေ့ ရှိရပါတယ်။

သတင်းမှားဖော်ပြမှုမူရင်းနဲ့ ထပ်ဆင့်ဖော်ပြမှုတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

Truth Media တယ်လီဂရန်ချမ်နယ် မှ ဖော်ပြမှု - https://archive.ph/xZkIp

နေပြည်တော် တယ်လီဂရမ်ချန်နယ် မှ ဖော်ပြမှု - https://archive.ph/z4EJN

အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းဖော်ပြထားတဲ့ သတင်းတု၊ သတင်းမှားဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■ 

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး Google မှာ “နတ်တလင်း ဆီဆုံကုန်းရွာ” ဆိုတဲ့ စာသားနဲ့ရှာဖွေကြည့်ရာ “Myanmar Now” သတင်းဌာန Website မှာ “နတ်တလင်းတွင် လက်နက်ကြီးကြောင့် ၁ ဦးသေ၊ ၈ ဦး ဒဏ်ရာရ” ဆိုတဲ့သတင်းကိုတွေ့ရှိရပြီး သတင်းဖော်ပြချက်မှာတော့ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ကလေးတွေအပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

Google မှာ “နတ်တလင်း ဆီဆုံကုန်းရွာ” ဆိုတဲ့စာသားနဲ့ ဆက်လက်ရှာဖွေကြည့်ရာမှာ Myanmar Now မှ သတင်းဖော်ပြချက်အပြင် အခြားလွတ်လပ်တဲ့သတင်းဌာနတွေကလည်း အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းဖော်ပြထားတာတွေကိုတွေ့ရှိရကာ အဲ့ဒီဖော်ပြချက်တွေအရ သေဆုံး၊ဒဏ်ရာရသူအမျိုးသမီးနဲ့ကလေးတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအတွင်း ထွက်ပြေးတိမ်းရှောင်စဥ်မှာ လက်နက်ကြီးဗုံးသီးထိမှန်ပြီးသေဆုံး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် -

နတ်တလင်းတွင် လက်နက်ကြီးကြောင့် ၁ ဦးသေ၊  ၈ ဦး ဒဏ်ရာရကြောင်း Myanmar Now မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

နတ်တလင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရကြောင်း DVB မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

စစ်ကောင်စီတပ်တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလဆန်းမှာ အရပ်သား ၁၂ ဦး သေဆုံးကြောင်း RFA မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၁ ဦးအပါ ၈ ဦးဒဏ်ရာရကြောင်း မြေလတ်အသံသတင်းဌာနမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ဒါကြောင့် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ သေဆုံးဒဏ်ရာရတဲ့ အမျိုးသမီးတွေက PDF တွေဆိုတာာဟာ နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားတခုသာ ဖြစ်ပါတယ်။

 

■ သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်များအား စိစစ်ချက် ■ 

သတင်းအမှားဖြန့်ဝေနေတဲ့ Truth Media တယ်လီဂရမ်ချန်နယ်ကို စိစစ်ကြည့်ရာမှာ Kyaw Kyaw Min အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင် အဆိုပါသတင်းအမှားကို ထပ်ဆင့်မျှဝေထားတဲ့ နေပြည်တော်တယ်လီဂရမ်ချန်နယ်ကလည်း သတင်းတုတွေ တင်ဆက်နေတာကိုတွေ့ရှိရသလို နေပြည်တော်နဲ့ Truth Media တယ်လီဂရန်ချန်နယ်တွေဟာ အပြန်အလှန်သတင်းတွေမျှဝေတာ၊ သတင်းအကြောင်းအရာတခုတည်းကို အချိန်ကွာခြားချက်မရှိဘဲ တပြိုင်တည်းဖြန့်ဝေလေ့ရှိတာတွေကိုလည်း တွေ့ရှိရပါတယ်။ 

Truth Media တယ်လီဂရမ်ချန်နယ် - https://archive.ph/J2DMk

နေပြည်တော် တယ်လီဂရမ်ချန်နယ် - https://archive.ph/t5Zxz

၎င်းချန်နယ်တွေ ယခင်ဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက Myanmar Fact-checking Network - MFCN မှ အချက်အလက်စစ်ဆေးစိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

Truth Media တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/9Rrf3

နေပြည်တော် တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု - https://shorturl.at/Dynk2

 

■ သုံးသပ်ချက် ■

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေနဲ့ ဒေသခံနေအိမ်၊ရွာတွေကို ပစ်ခတ်တိုက်ခိုက်တာတွေကို ဖုံးကွယ်နိုင်ဖို့ အရပ်သားသေဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေမှာ စစ်ရေးပစ်မှတ် PDF တွေကိုသာ တိုက်ခိုက်တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေဟာ PDF တွေဖြစ်ကြောင်း သတင်းတု၊ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီးကာ ဖြန့်ဝေလေ့ရှိပါတယ်။

အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်က စစ်ရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုကို ဖုံးကွယ်နိုင်ဖို့အတွက် သေဆုံး၊ဒဏ်ရာရခဲ့သူအမျိုးသမီးတွေကို PDF တွေသာဖြစ်ကြောင်း လုပ်ကြံဖန်တီးထားတာဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အဲ့ဒီသတင်းတွေမှာပါဝင်တဲ့ ဓါတ်ပုံ၊ စာသားတွေကို Google ကနေ ရှာဖွေတိုက်ဆိုင်စစ်ဆေး ဖတ်ရှုတာမျိုးအပြင် အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကိုလည်း ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #နတ်တလင်း #ဆီဆုံကုန်း #လက်နက်ကြီးပစ်ခတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10