စစ်တပ်သင်္ဘောတွေ ဗန်းမော်ကို ထပ်မံဆန်တက်၊ တိုက်ခိုက်ခံရလို့ မြတောင်ဆိပ်ကမ်းမှာ ပြင်ဆင်နေ

စစ်တပ်သင်္ဘောတွေ ဗန်းမော်ကို ထပ်မံဆန်တက်၊ တိုက်ခိုက်ခံရလို့ မြတောင်ဆိပ်ကမ်းမှာ ပြင်ဆင်နေ

မန္တလေးကနေ ဗန်းမော်မြို့ကို ထပ်မံဆန်တက်နေတဲ့ စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပါတဲ့ စစ်ကောင်စီရဲ့သင်္ဘောတွေကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုရှိတာကြောင့် ထီးချိုင့်မြို့နယ်၊ မြတောင်ဆိပ်ကမ်းမှာ ရပ်နားပြီး ပြုပြင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ 

ထပ်မံဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ သင်္ဘော ၆ စီးဟာ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကနေ ဆန်တက်လာတာဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်မှာ မြတောင်ဆိပ်ကမ်းကိုရောက်နေတာ ဖြစ်ပါတယ်။ 

အဲဒီသင်္ဘောတွေကို စက်တင်ဘာ ၁၂ ရက်က တကောင်းမြို့နယ်အထက်ပိုင်းအရောက်မှာ ကာကွယ်ရေး တပ်ဖွဲ့တခုက ရှော့တိုက်ဒရုန်းနဲ့ပစ်ခတ်ခဲ့ရာ သင်္ဘောတစီးအပျက်အစီးသွားခဲ့တာကြောင့် အခုလို မြတောင်ဆိပ်ကမ်းမှာ ရပ်နားပြီးပြင်ဆင်နေတာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

သင်္ဘောတွေပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားရာနဲ့ချီပါပြီး မြတောင်ဆိပ်ကမ်းမှာ သင်္ဘောတွေ ရပ်နားထားချိန် မြစ်ကမ်းအနီးမှာ လုံခြုံရေးတွေချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"အရင်တခေါက် သူတို့ကို တိုက်ခိုက်တဲ့နေရာတွေမှာ အခုထပ်ပြီး တိုက်ခိုက်ရင် စစ်တပ်ကအောက်ကို ဆင်းပြီး ပစ်ဖို့ လုပ်ထားတယ်လို့ သတင်းရထားတယ်" လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကပြောပါတယ်။

စစ်သင်္ဘောတွေဆန်တက်လာစဥ် စဥ့်ကူးမြို့နယ်အထက်ပိုင်းအထိ လမ်းတလျှောက်ပစ်ခတ်မှုတွေ မလုပ်ခဲ့ပေမယ့် သပိတ်ကျင်းမြို့နယ်ကစတင်ပြီး မြစ်ကမ်းအနီးကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်ကို စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းပေးနိုင်ဖို့ မီးရထားနဲ့ ရေလမ်းခရီးကို အသုံးပြုနေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့သြဂုတ်လကလည်း စစ်တပ်က သင်္ဘော ၉ စီးနဲ့ မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို ရိက္ခာ၊ လက်နက်ပို့ ဆောင်ခဲ့ပြီး လမ်းတလျှောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #ဗန်းမော်မြို့ #စစ်သင်္ဘော #ဧရာဝတီမြစ် #ထီးချိုင့်မြို့နယ် #ရိက္ခာ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10