PDF တွေကိုသတင်းပေးရင် ရွာကိုမီးရှို့မယ်လို့ခြိမ်းခြောက်ထားတဲ့ စစ်တပ်သတင်းပေးဆိုသူ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

PDF တွေကိုသတင်းပေးရင် ရွာကိုမီးရှို့မယ်လို့ခြိမ်းခြောက်ထားတဲ့ စစ်တပ်သတင်းပေးဆိုသူ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ မြို့လှကျေးရွာက စစ်တပ်သတင်းပေးအမျိုးသား ၃ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးကာ ၁ ဦးကတော့ လွတ်သွားတယ်လို့ 21 Bagan People Defense Force အဖွဲ့ဆီက သိရပါတယ်။ 

နိုဝင်ဘာ ၆ ရက် ည ၉ နာရီခွဲလောက်မှာ မြို့လှကျေးရွာရှိ အရက်ဆိုင်မှာအရက်သောက်နေတဲ့ အထက်ပါအမျိုးသား ၃ ဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

“မြို့လှကျေးရွာ အရက်ဆိုင်မှာ သူတို့ ၃ ဦးက အရက်သောက်နေတယ်လို့ ကျနော်တို့သတင်းရရှိလို့ ဝင်ပစ်တာပါ။ ၂ ဦးကတော့ သေဆုံးတယ်၊ ၁ ဦးကတော့ စပြီးပစ်ခတ်ချိန် ခုန်ချပြီးထွက်ပြေးသွားတာ။ နောက်ကနေ ကျနော်တို့လိုက်ပစ်တာ လက် ၁ ဖက်ပြတ်သွားတယ်။ သူ့ရဲ့သတင်း အချက်အလက်ကိုတော့ ကျနော်တို့ စုံစမ်းနေတုန်းဖြစ်ပါတယ်။” လို့ 21 Bagan People Defense Force မှ ရဲဘော် ယက္ခက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ အရွယ် ကိုကျော်ကျော်ဟန်နဲ့ အသက် ၂၅ အရွယ် ကိုစိုးမင်းဦးတို့ဖြစ်ပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားသူက အသက် ၃၅ နှစ်အရွယ် ကိုနေအောင် ဖြစ်ပါတယ်။  

ပစ်ခတ်ခံရသူတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းကိစ္စတွေမှာ ပါဝင်ပတ်သက်ပြီး ဒေသခံတွေကိုလည်း ခြိမ်းခြောက်တာတွေရှိတယ်လို့ ဆိုပါတယ်။ 

“သူတို့က စစ်မှုထမ်းကိစ္စတွေ သန်းခေါင်းစာရင်းကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တယ်။ PDF တွေကို သတင်းပေးရင်လည်း ရွာတွေကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့ကို ကျနော်တို့က သတိပေးစာပို့တော့လည်း ဂရုမစိုက်ဘူး။ အဲ့ဒါကြောင့် သူတို့ကိုပစ်ခတ်ရှင်းလင်းခဲ့တာ။” လို့ ရဲဘော်ယက္ခ က ဆက်ပြောပါတယ်။

ပစ်ခတ်ပြီးနောက်ပိုင်းမှာ ပုဂံမြို့သစ်ဘက်ကနေ ရဲနဲ့စစ်သားတွေထွက်လာပြီး မြို့လှနဲ့ ပျော်ဘွယ်လမ်းပိုင်းမှာ လုံခြုံရေးယူပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီပစ်ခတ်မှုကို 21 Bagan People Defense Force၊ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့-DYT နဲ့ Black Eagle တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်ရဲစခန်းက Four Wheel ကားနဲ့ ထွက်လာတဲ့ စစ်သားနဲ့ ရဲတွေကို 21 Bagan People Defense Force အဖွဲ့က ဂန့်ဂါမြို့တောင်ဘက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #မြို့လှ #စစ်တပ်သတင်းပေး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10