စစ်တပ်အထိုင်ချထားတဲ့ ရှိမ်းမကားရဲစခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေ ၈ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဩဂုတ် ၂၀ရက်မှာ ဒေသခံကာကွယ်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့တယ်လို့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။

စစ်သားနဲ့ ပျူစောထီးအင်အား ၅၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ ရှိမ်းမကားရဲစခန်းကို ကာကွယ်ရေးအဖွဲ့ ၆ ဖွဲ့က ၆၀ မမ၊ ၈၀ မမ လက်လုပ်လက်နက်ကြီးအပါအဝင် ဒရုန်းတွေနဲ့ မနေ့က နေ့လယ် ၂ နာရီခွဲကနေ ည ၇ နာရီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ မပစ်ခင် မနက်စောစောက စခန်းထဲက ၁၇ ယောက်လောက်ထွက်ပြီး လက်နက်ကြီးနဲ့ ရွာသားတွေဘက်ကို ပစ်တာ။ မိန်းမသားတဦး လက်နက်ကြီးကျည်ကျပြီး ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒါနဲ့ ကျနော်တို့လည်း အဖွဲ့ ၆ ဖွဲ့ ဖွဲ့ပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းနဲ့ ဗုံးကြဲချတယ်။" လို့ Bo Tiger - ဗိုလ်ကျားကြီးအဖွဲ့ ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

ရှိမ်းမကားရဲစခန်းမှာ ထုံးကြီးဘက်ကနေ တပ်ချိန်းလာတဲ့ စစ်သားတွေဖြစ်ပြီး ပျူစောထီးတွေနဲ့ ပေါင်းကာတပ်စွဲနေတာလို့ ဗိုလ်ကျားကြီးက ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း လက်နက်ကြီးနဲ့ ပစ်လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကာကာကွယ်ရေးအဖွဲ့ ၆ ဖွဲ့ကတော့ သူတို့နယ်မြေဖြစ်တဲ့အတွက် လုံခြုံတဲ့နေရာတွေကနေ တိုက်ခိုက်ခဲ့လို့ ရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဘက်က တိုက်ပွဲမှာထိတဲ့သူတွေကို ဆေးကုသမှုတွေလုပ်နေပြီး သေတဲ့စစ်သားတွေကို သင်္ဂြိုဟ်ဖို့လုပ်နေတယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Bo Tiger - ဗိုလ်ကျားကြီး၊ တောကြီးမြွေပွေးအဖွဲ့၊ လျှပ်စီး၊ မြင်းခြံပြောက်ကျားအဖွဲ့၊ ဗိုလ်မုတ်ဆိတ်အဖွဲ့၊ ရွှေကျားအဖွဲ့နဲ့ တိုက်နယ်အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကလည်း စစ်ကိုင်းမြို့ စမွန်းရွာ နေအိမ်တွေကို မီးရှို့နေတဲ့ တပ်မ ၃၃ က စစ်သားတွေကို Bo Tiger - ဗိုလ်ကျားကြီး အဖွဲ့က ပေ ၂၀၀၀ အကွာကနေ လက်လုပ်လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဝက်လက် #ရှိမ်းမကားရဲစခန်း #စစ်ကောင်စီအုပ်စု #တိုက်ခိုက်ခံရ #စစ်သား #ပျူစောထီး #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10