စစ်တပ်အထိုင်ချထားတဲ့ သရက်တောရဲစခန်း ဝင်စီးခံရလို့ ဗိုလ်မှူး ၁ ဦးအပါ ၁၂ ဦး သေဆုံးဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သရက်တောရဲစခန်းကို မေလ ၁၀ ရက်မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင် အမှတ် - ၁ တပ်ရင်း PDF Magway District အဖွဲ့ဆီက သိရပါတယ်။
 
ရဲနဲ့စစ်သား အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီရဲစခန်းကို မေလ ၁၀ ရက်မနက် ၃ နာရီကနေ စီးနင်းတိုက်ခိုက်ပြီး ၁ နာရီအကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ မကွေးခရိုင် အမှတ် - ၁ တပ်ရင်း PDF Magway District တပ်ရင်းမှူးဗိုလ်သိုက်ထွန်းက မြေလတ်အသံကို ပြောပါတယ်။
 
"တိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီဘက်က ၁၀ ယောက်သေတယ်၊ ဗိုလ်မှူးနဲ့ တပ်ကြပ် ဒဏ်ရာရတယ်၊ အဲဒီ ဗိုလ်မှူးနဲ့တပ်ကြပ်က မကွေးစစ်ဆေးရုံရောက်မှာ သေသွားတယ်၊ စုစုပေါင်း ရန်သူ့ဘက်က ၁၂ ဦးသေတယ်" လို့ ပြောပါတယ်။
 
ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သရက်တောစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းက ရုံးပိုင်းဆိုင်ရာပစ္စည်းတွနဲ့ သယ်ယူပို့ဆောင်ရေးမှာ အသုံးပြုနေတဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စခန်းကို သိမ်းနိုင်ခဲ့ပေမယ့် အဲဒီသရက်တောစခန်းဟာ လမ်းမကြီးနဲ့နီးလို့ စခန်းအထိုင်ချလို့မရဘူးလို့ ဗိုလ်သိုက်ထွန်းက ပြောပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးခဲ့ပြီး၊ သေဆုံးတဲ့အထဲမှာ ဗိုလ်မှူး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ ရဲ ၂ ဦး၊ စစ်သား ၃ ဦး၊ စခန်းမှူးဗိုလ်မှူးရဲ့ဇနီးနဲ့ ရဲတဦးရဲ့ဇနီးတို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။
 
ရဲစခန်းစီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများပြားခဲ့ပြီး ဒဏ်ရာရရှိသူတွေကို သရက်တောတိုက်နယ်ဆေးရုံမှာ ကုသနေရာက မကွေးမြို့အခြေစိုက် အမှတ် ၁၆ ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်ကုသရာကနေ ထပ်မံသေဆုံးမှုတွေရှိခဲ့တာလို့ သိရပါတယ်။
 
သရက်တောရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ G3 ၁ လက်၊ ကျည်ပေါက် ၂ ခု၊ G3 ကျည် ၁၅ တောင့်၊ I7 DELL ကွန်ပြူတာ ၁ လုံး၊ မန်မိုနီးစတစ် ၁ ခု၊ ဂျန်ပါ ၁ လုံး၊ ပိုက်ဆံအိတ်၊ ငွေ ၇ သောင်း ၅ ရာ၊ ရဲတပ်ကြပ် မှတ်ပုံတင်၊ ဝန်ထမ်းကပ် တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
 
ဒီတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် - ၁ တပ်ရင်း PDF Magway District၊ မကွေးတိုင်းကွပ်ကဲရေးအဖွဲ့၊ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်း ဗိုလ်မိုးကြိုးအဖွဲ့တို့က ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
 
တည်းဖြတ် - ငြိမ်းဇော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10