သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရေးသားသူ - အောင်ဟိန်း
“တဝီဝီ” မြည်တဲ့ ဒရုန်းသံကြားတာနဲ့ ဦးကျော်ထွေး(အမည်လွှဲ)ရဲ့ သမီးဖြစ်သူဟာ မြေပြင်မှာ ပြားပြားဝပ်လို့ နေတတ်ပါတယ်။ ဧရာဝတီမြစ်ထဲ သင်္ဘော၊ စက်လှေဖြတ်သွားရင်တောင် ဒရုန်းသံလို့ ထင်မှတ်ပြီး ကြောက်လန့် နေတတ်တာပါ။
ဒရုန်းကြောက်ရတဲ့စိတ်ဟာ ၅ နှစ်အရွယ် ဦးကျော်ထွေးသမီးအပါအဝင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာမ ကျေးရွာအုပ်စုက ဒေသခံတွေအားလုံး ရင်ဆိုင်နေရတဲ့ ပြဿနာပါ။
"ကျွန်းပေါ်က လူတွေအကုန်လုံး လှေပေါ်မှာ ဆင်းအိပ်ရတာ။ တညမှ မအိပ်ရဘူး။ ည ၁၂ နာရီလောက်ဆို တဝီဝီနဲ့ ဒရုန်းလာပြီ" လို့ နေ့ရော၊ ညပါ ဒရုန်းတွေလာတတ်တဲ့သဘောကို ဟင်္သာမကျေးရွာအုပ်စု၊ စဉ့်အိုးကျွန်းရွာက ဦးကျော်ထွေးက ဆိုပါတယ်။
ဒီဒရုန်းတွေနဲ့ ခြိမ်းခြောက်တိုက်ခိုက်နေသူတွေဟာ ဟင်္သာမကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာသာယာရွာက ပျူစောထီးတပ်ဖွဲ့တွေပဲ ဖြစ်ပါတယ်။
စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မှတ်တမ်းတင်ထားတဲ့စာရင်းအရ ရွာသာယာရွာက စစ်တပ်နဲ့ ပျူစောထီးတွေဟာ ၂၀၂၃ အောက်တိုဘာကနေ ဒီဇင်ဘာအတွင်း ဟင်္သာမကျေးရွာအုပ်စုထဲက ကျေးရွာတွေအပေါ်ကို ဒရုန်းနဲ့ အကြိမ်ရေ ၅၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် လူနေအိမ် ၅၀ ထိခိုက်ပျက်စီးပြီး ကလေးငယ် ၃ ဦး အပါအဝင် ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။
ဟင်္သာမကျေးရွာအုပ်စုဟာ မန္တလေးနဲ့ ကျောက်မြောင်းမြို့ကြား ဧရာဝတီမြစ်အလယ်က ကျွန်းတွေပေါ် မှာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင်အချိန်က ဧရာဝတီလင်းပိုင်တွေ အများဆုံး ကျက်စားရာဒေသ ဖြစ်လို့ နိုင်ငံခြားသားခရီးသွားတွေ မကြာခဏလာရောက်လေ့ရှိတဲ့ နေရာလေးပါ။
၂၀၂၁ မတိုင်ခင်က ဟင်္သာကျေးရွာအုပ်စုထဲမှာရှိတဲ့ တရွာနဲ့တရွာဟာ အသွားအလာမပျက် ဆွေမျိုးတွေ လိုနေခဲ့ကြပေမယ့် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်တပ်က ရွာသာယာရွာမှာ ပျူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းပေးကာ အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်ခဲ့တာကြောင့် ဟင်္သာမကျေးရွာအုပ်စုအပါအဝင် အနီးအနားက ကျေးရွာတွေဟာ မီးလောင်ပြာကျပြီး ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဟင်္သာမကျေးရွာအုပ်စုထဲမှာ နေထိုင်ကြတဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ဒီနေ့အချိန်ထိ စစ်တပ်နဲ့ ရွာသာယာကျေးရွာက ပျူစောထီး တွေ မီးရှို့ဖျက်ဆီးတာကြောင့် ဟင်္သာမကျေးရွာအုပ်စုထဲက အိမ်ခြေပေါင်း ၁,၀၀၀ ဝန်းကျင်မှာ အိမ် ၅၀ ခန့်သာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဟင်္သာမကျေးရွာအုပ်စုအနီးက အိမ်ခြေ ၁,၅၀၀ ကျော်ရှိတဲ့ သဲအင်းကျေးရွာဟာလည်း ပျူစောထီးတွေရဲ့ လက်ချက်ကြောင့် အိမ်ခြေ ၁၀၀ ကျော်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။
ဂြိုလ်ဆိုးဝင်တဲ့ဟင်္သာမ
ဟင်္သာမကျေးရွာအုပ်စုဟာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲမှာရှိပြီး ကြက်တူရွေး၊ ဟင်္သာမ၊ မြစ်ကမ်းကြီး၊ ပေါက်ကုန်း၊ ရွာသာယာ၊ စဉ့်အိုးကျွန်းနဲ့ နေပူကုန်းစတဲ့ ကျေးရွာတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်စုတခုပါ။
၂၀၂၁ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း တနိုင်ငံလုံးမှာ CDM လှုပ်ရှားမှုပေါ်ပေါက်လာတဲ့အခါ ဟင်္သာမ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဝင်းဇော်ဦးလည်း CDM ပြုလုပ်ခဲ့ပါတယ်။
ဒီအခါမှာ စစ်ကောင်စီဟာ သူတို့ကို ထောက်ခံအားပေးတဲ့ ဦးခင်မောင်သန်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်လိုက်ပြီး ကျေးရွာထဲက ဦးဘဲမော်ဆိုသူကိုပါ အတွင်းရေးမှူး အဖြစ်ခန့်အပ်လိုက်ပါတယ်။
ဟင်္သာမကျေးရွာအုပ်စုအနောက်ဘက် ဧရာဝတီမြစ်ကမ်းတဖက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထဲမှာ လက်နက်ကိုင်တော်လှန်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတဲ့အခါ စစ်ကောင်စီဟာ အဲ့ဒီဒေသကို ထိန်းချုပ်ဖို့ ဟင်္သာမကျေးရွာတွေကို ခြေကုတ်ယူဖို့ ကြိုးစားလာပါတော့တယ်။
၂၀၂၁ ဩဂုတ်လမှာတော့ စစ်ကောင်စီက ဟင်္သာမကျေးရွာအုပ်စုကို မန္တလေးတိုင်းရဲ့ ခံစစ်တခုသဖွယ် လုပ်ပြီး အထိုင်ချတပ်စွဲခဲ့ပါတယ်။
စစ်တပ်က ဟင်္သာမကျေးရွာအုပ်စုထဲက ရွာတွေကို ဝင်တဲ့အခါ ရွာထဲမှာ PDF မရှိပေမယ့် စစ်တပ်ခန့် အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေက ပုဂ္ဂိုလ်ရေး မကျေနပ်တဲ့ အိမ်တွေကို လက်ညှိုးထိုးလိုက်ရုံနဲ့ ကျေးရွာထဲက လူနေအိမ်တွေ မီးရှို့ခံရတဲ့အခြေအနေမျိုးပါ။
ဟင်္သာမကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရိုက်နှက်ဖျက်ဆီးခြင်းကို ပထမဆုံးခံလိုက်ရတဲ့အိမ်က ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဝင်းဇော်ဦးရဲ့ အိမ်ဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ကျေးရွာထဲက လူနေအိမ်တွေဟာ ဆက်တိုက်ဆိုသလို စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
၂၀၂၁ နိုဝင်ဘာလထဲမှာ မန္တလေးမြို့နယ်ထဲက လက်နက်ကိုင်တော်လှန်ရေး ပြောက်ကျားတဖွဲ့က ဒလန် ရှင်းလင်းတဲ့အနေနဲ့ စစ်ကောင်စီခန့်အပ်ထားတဲ့ ဟင်္သာမကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းကို သူအလုပ်သွားတဲ့အချိန် ဟင်္သာမကျေးရွာအနောက်ဘက်မှာ ပစ်သတ်လိုက်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ရဲ့အတွင်းရေးမှူးဖြစ်တဲ့ ဦးဘဲမော်ကိုလည်း လက်နက်ကိုင်ပြောက်ကျားအဖွဲ့က သတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အသက်ဘေးက လွတ်မြောက်သွားတဲ့ ဦးဘဲမော်ဟာ စဉ့်ကူးမြို့နယ်အတွင်းမှာ စစ်ကောင်စီက ဖွင့်လှစ်တဲ့ ပျူစောထီးသင်တန်းကို တက်ရောက်ပြီး ၂၀၂၂ နှစ်ဆန်းပိုင်းမှာ မေလထဲမှာ ကျေးရွာကို ပြန်ရောက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဦးဘဲမော်ဟာ စဉ့်ကူးမြို့နယ်အတွင်းက ပျူစောထီးခေါင်းဆောင်တဦးဖြစ်လာပြီး သူ့ကို စစ်တပ်က ဟင်္သာမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံခန့်အပ်လိုက်ပါတယ်။
အဲ့ဒီနောက်မှာ စစ်ကောင်စီဟာ ဦးဘဲမော်ရဲ့ အကူအညီနဲ့ စစ်တပ်နဲ့ ကြံ့ခိုင်ရေးထောက်ခံသူတွေများတဲ့ ဟင်္သာမကျေးရွာအုပ်စုထဲက ရွာသာယာရွာမှာ ပျူစောထီးတပ်ဖွဲ့တခုကို ဖွဲ့စည်းလိုက်ကြပါတယ်။
အဲ့ဒီကစလို့ “ရွာကို ဂြိုလ်ဆိုးဝင်မွှေသလိုဖြစ်သွားတာပေါ့” လို့ ဟင်္သာမကျေးရွာမှ အသက် ၆၀ အရွယ် အမျိုးသမီးတဦးက ဆိုပါတယ်။
မီးလောင်ပြာကျခဲ့ရတဲ့ ဟင်္သာမ
၂၀၂၂ အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဟင်္သာမကျေးရွာမှာလည်း အထိုင်ချထားသလို ရွာသာယာရွာမှာလည်း ပျူစောထီးတပ်ဖွဲ့ အထိုင်ချကာ အနီးဝန်းကျင်ကျေးရွာတွေထဲက နေအိမ်တွေကို ဆက်တိုက် မီးပတ်ရှို့ခဲ့ပါတယ်။ သူတို့ဟာ နေအိမ်တွေကို မီးရှို့ရုံသာမက နေအိမ်ထဲက အသုံးအဆောင် ပစ္စည်းနဲ့ စားသောက်စရာတွေကိုလည်း ယူဆောင်တတ်ကြပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်ကြောင်းမှာ သွားလာနေတဲ့ ခရီးသည်တင်မော်တော်တွေကို ဖမ်းဆီးပြီး ၎င်းတို့တပ်စွဲထားတဲ့ ဟင်္သာမကျေးရွာဘုန်းကြီးကျောင်းထဲကိုခေါ်ကာ ရိုက်နှက်တာတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ မေမှာ ဟင်္သာမကျေးရွာအုပ်စုက ဒေသခံတွေ မမေ့နိုင်တဲ့ တိုက်ပွဲတခုနဲ့ တရွာလုံးမီးရှို့ခံရတဲ့အဖြစ်တခု ကြုံခဲ့ရပါသေးတယ်။
မေ ၂၄ ရက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ မတ္တရာမြို့ဘက်ကနေ ဟင်္သာမကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာခဲ့ပါတယ်။
စဉ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြို့နယ်ပကဖ)ကလည်း ဟင်္သာမကျေးရွာဘက်ကို ဆင်းလာ သလို တခြားသော ဝက်လက်မြို့နယ်ဘက်က တောကြီးမြွေပွေးအဖွဲ့နဲ့ ဗိုလ်ကျားကြီးအဖွဲ့တို့ကလည်း ဟင်္သာမကျေးရွာအုပ်စုဘက်ကို ရောက်နေချိန်ဖြစ်ပါတယ်။
စစ်တပ် စစ်ကြောင်းဟာ ဟင်္သာမကျေးရွာဘက်ကို စစ်ကြောင်းထိုးလာရင်း ပျောက်သွားတာကြောင့် ဒေသခံတွေအားလုံးအထုပ်ပြင်ပြီး ရင်တမမနဲ့ စောင့်နေရချိန်မှာ ဟင်္သာမကျေးရွာရဲ့ မြောက်ဘက်က နေပူကုန်းလို့ခေါ်တဲ့ကျေးရွာအခွဲလေးမှာ သေနတ်သံတွေ ဆူညံနေအောင်ထွက်လာပါတယ်။
ခြေရာဖျောက်ပြီးဝင်လာတဲ့စစ်တပ်ဟာ နေပူကုန်းရွာနားမှာ အသင့်စောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ဆီးကြိုတိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။
ဒီမတိုင်ခင်က စဉ့်ကူးမြို့နယ်တဝိုက်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရှိတယ်လို့ ဆိုပေမယ့် တကယ်တမ်း စစ်ကောင်စီစစ်ကြောင်း ရောက်လာပြီး ကျေးရွာတွေကို မီးရှို့တဲ့အခါ အဲ့ဒီတော်လှန်ရေး တပ်ဖွဲ့တွေက တကြိမ်တခါမှ ဝင်တိုက်ခိုက်တာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီတကြိမ်မှာတော့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မထင်မှတ်ဘဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ တအံတဩ ဖြစ်ခဲ့ကြရပါတယ်။
အဲ့ဒီနေ့က တိုက်ပွဲကို ကြုံခဲ့ရတဲ့ ဟင်္သာမကျေးရွာသားတဦးက “ပစ်ကြတာများ ဇာတ်ကားထဲက အတိုင်းပဲ" လို့ ဝမ်းသာအားရနဲ့ ပြန်ပြောပါတယ်။
တိုက်ပွဲဖြစ်နေချိန် မတ္တရာမြို့နယ်၊ ရက်ကန်းစင်တောင်ပေါ်ကနေ စစ်တပ်က ဟောင်ဝစ်ဇာနဲ့ ပစ်တာကြောင့် ဟင်္သာမကျေးရွာရဲ့တောင်ဘက် ၃ မိုင် လောက်ဝေးတဲ့ ကျွန်းကြီးကျေးရွာထဲကို လက်နက်ကြီး ကျည်ကျပြီး နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
"ဟင်္သာမတို့၊ အဲ့ဒီတောင်ဘက်က သဲအင်းတို့က ရှောင်တဲ့သူတွေက ကျွန်းကြီးကိုရောက်နေကြချိန်လေ။ ကမ္ဘာပျက်နေသလိုပဲ ပြန်ထွက်ပြေးကြတာပေါ့။” လို့ ဟင်္သာမကျေးရွာက အသက် ၈၀ ကျော်အဖိုးအိုတ ဦးက ပြောပါတယ်။
အဲ့ဒီတုန်းက ဟင်္သာမကျေးရွာသားတွေဟာ ဝက်လက်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်းက ဝက်လက်မြို့နယ်ထဲကို ထွက်ပြေးသွားခဲ့ရပါတယ်။
တိုက်ပွဲဖြစ်ပြီး ၁ နာရီလောက်အကြာမှာပဲ တံတားဦးလေဆိပ်က တိုက်လေယာဉ်တစီးတက်လာပြီး ဟင်္သာမကျေးရွာအုပ်စုနဲ့ သဲအင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီလို လေကြောင်းပစ်ကူနဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးပစ်ကူတွေကြောင့် ပြည်သူ့ကာကွယ်ရေးပူး ပေါင်း တပ်ဖွဲ့တွေဟာ ပြန်လည်ဆုတ်ခွာခဲ့ကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန်တိုက်ခံခြင်းကို ခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဟာ ရွာသာယာရွာက စစ်တပ်နဲ့ပျူစောထီး အင်အားကို ထပ်မံဖြည့်တင်းပြီး ဟင်္သာမကျေးရွာအုပ်စုနဲ့ သဲအင်းကျေးရွာကို ၇ ရက်တိတိ မီးရှို့ဖျက်ဆီးပါတော့တယ်။
အဲ့ဒီလိုမီးရှို့ဖျက်ဆီးခံရတဲ့အတွက် ဟင်္သာမကျေးရွာအုပ်စုက လူနေအိမ်ခြေ ၁,၀၀၀ မှာ အိမ် ၅၀ လောက်သာ ကျန်သလို သဲအင်းကျေးရွာက အိမ်ခြေ ၁,၅၀၀ ကျော်လောက်မှာလည်း ၁၀၀ ကျော်သာ ကျန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတချို့ဟာ ဆွေမျိုးသားချင်းရှိရာ နီးစပ်ရာမြို့တွေဆီ ပြောင်းရွှေ့သွားကြပါတယ်။ အများစုကတော့ စစ်တပ်နဲ့ ပျူစောထီးတွေ ကျေးရွာထဲက ပြန်ထွက်သွားကြတဲ့အခါမှာ လယ်ယာ လုပ်ကိုင်တဲ့ ယာတောထဲမှာပဲ တဲထိုးကာ နေခဲ့ကြပါတယ်။
မီးရှို့ခံရပြီး ၂ လနီးပါးအကြာ ဇူလိုင်လထဲမှာ ဒေသခံတွေ ရွာထဲပြန်ဝင်လာတဲ့အခါမှာတော့ သူတို့အိမ်မြေ နေရာတွေမှာ ခြံစည်းရိုးတောင်မကျန်တော့တဲ့ မီးလောင်ပြင်ကြီးကို မြင်တွေ့လိုက်ရပါတယ်။
"မြင်မြင်ချင်းတော့ ဟီးခနဲ ငိုချလိုက်တာပဲ။ သူ့ခြံဝန်းမှန်းမသိ၊ ကိုယ့်ခြံဝန်းမှန်း မသိဘူး" လို့ ဟင်္သာမကျေးရွာမှ အမျိုးသမီးတဦးက ပြောပါတယ်။
နေစရာမရှိတော့တဲ့ ရွာခံတွေဟာ မီးလောင်မြေကွက်လပ်မှာ ယာယီတဲတွေထိုးနေကြသလို တချို့ကလည်း ဘုန်းကြီးကျောင်းဝင်းထဲမှာ ယာယီတဲတွေ ဆောက်ပြီးနေထိုင်ခဲ့ကြရပါတယ်။
ဟင်္သာမကျေးရွာအုပ်စုက ဒေသခံတွေရဲ့ ဒုက္ခဟာ ဒီမှာတင် ပြီးသွားတာ မဟုတ်ပါဘူး။ ကျေးရွာကို ပြန်ရောက်ကြပြီး ၂ လကျော်ကြာ ၂၀၂၃ အောက်တိုဘာမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေ ရွာကိုရောက်လာကြပါသေးတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မန္တလေးမြို့ကနေ ရေကြောင်းကတဆင့် ဟင်္သာမကျေးရွာအုပ်စုထဲက ပျူစောထီးစခန်းရှိရာ ရွာသာယာရွာကို ဦးစွာရောက်လာတာပါ။ ပြီးတဲ့အခါ ရွာသာယာရွာက စစ်သားနဲ့ ပျူစောထီးတွေကိုခေါ်ပြီး ဟင်္သာမကျေးရွာကို တကျော့ပြန် စစ်ကြောင်းထိုးခဲ့ပါတယ်။
ကျေးရွာဆိပ်ကမ်းကနေပြီး ရွာရဲ့ တောင်ဘက်၊ မြောက်ဘက်ကို ပိတ်ကာ ရွာထဲကို ပစ်ခတ်ပြီး ထပ်မံဝင် ရောက်လာတာပါ။ ဒါ့အပြင် ဘယ်ကဖမ်းလာမှန်း မသိတဲ့ဓားစာခံ အမျိုးသား ၃ ဦးကို ရွာလယ်လမ်းမှာ သတ်ခဲ့ပြီး ရွာထဲက အိမ် ၁၆ လုံးကို ထပ်မံမီးရှို့ခဲ့ပါတယ်။
ဒီလိုပစ်ခတ်သတ်ဖြတ် မီးရှို့ပြီးတဲ့နောက် စစ်သင်္ဘောက မန္တလေးဘက်ကိုပြန်ထွက်သွားပေမယ့် ရွာသာယာကျေးရွာက စစ်သားနဲ့ ပျူစောထီးတွေဟာ ဟင်္သာမကျေးရွာနောက်ဘက် စဉ့်အိုးကျွန်းရွာကို ထပ်မံဝင်ရောက်ပြီး လူနေအိမ် ၁၆ လုံးကို ထပ်မံမီးရှို့ပါတယ်။
"ဘာမှ မလုပ်ဘဲနဲ့ ဘလိုင်းကြီး ဝင်ရှိူ့ခံရတာလေ။ မီးခိုးလုံးကို မြင်လိုက်တော့ ရင်ဘတ်ထဲကိုဆို့ တက်နေတာပဲ။ ငိုတဲ့သူက ငိုကြပေါ့ " လို့ စဉ့်အိုးကျွန်းရွာမှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
ရွာကို မီးရှို့ပြီးတဲ့နောက် စစ်သားနဲ့ ပျူစောထီးတွေက တောင်သူတွေရဲ့ နွား ၁၀ ကောင်နဲ့ ဆိုင်ကယ်တွေကိုပါ သင်္ဘောပေါ်တင်ပြီး ရွာသာယာရွာကို ယူဆောင်သွားခဲ့ကြပါတယ်။
အဲ့ဒီနောက်ပိုင်းကစလို့ ရွာသာယာရွာက စစ်သားနဲ့ ပျူစောထီးတွေဟာ ဟင်္သာမကျေးရွာအုပ်စုထဲက ကျေးရွာတွေကို မကြာခဏဝင်ရောက်ပြီး ပစ္စည်းယူတာ၊ နေအိမ်မီးရှို့တာတွေ လုပ်လာကြပါတယ်။
ဒါ့အပြင် ၂၀၂၃ အောက်တိုဘာကစပြီး ရွာသာယာကျေးရွာက စစ်တပ်နဲ့ ပျူစောထီးတွေဟာ ညစဥ်ညတိုင်း အနီးဝန်းကျင်က ကျေးရွာတွေအပေါ်ကို ဒရုန်းတွေပျံဝဲတာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေ လုပ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာထဲက လူနေအိမ်တွေပေါ် ဒရုန်းတွေနဲ့ ဗုံးချတာ၊ ကျေးရွာတွေထဲကို ရုတ်တရက်စစ်ကြောင်းထိုးဝင်လာတတ်တာကြောင့် ဟင်္သာမကျေးရွာအုပ်စုထဲက ရွာသားတွေဟာ ညဆိုရင် နေအိမ်တွေမှာ မအိပ်ရဲကြဘဲ မြစ်ကမ်းနားက လှေတွေအပေါ်မှာ အိပ်ကြရပါတယ်။
“ညဘက် သူတို့ဝင်လာရင် တခါတည်းထွက်ပြေးလို့ရအောင် လှေပေါ်တက်အိပ်ကြရတာ။” လို့ စဉ့်အိုးကျွန်းရွာက ရွာခံတဦးက ဆိုပါတယ်။
ကျေးရွာတွေဟာ ဧရာဝတီမြစ်လယ်မှာ တည်ရှိတာကြောင့် အိမ်တိုင်းလိုလိုမှာ လှေ ၁ စီးကနေ ၃ စီးအထိ ရှိကြတယ်လို့ သူက ဆိုပါတယ်။
“ဝါဆို၊ ဝါခေါင်ဆိုလည်း လှေတွေနဲ့ပြေးရ၊ အခုလယ်လုပ်တဲ့အချိန်လည်း ပြေးရ၊ အိမ်မှာ အိပ်ရတဲ့ရက်ကို မရှိပါဘူး” လို့ စဉ့်အိုးကျွန်းရွာက အမျိုးသမီးတဦးက ငြီးတွားပါတယ်။
အသက် ၃၅ နှစ်အရွယ် ကိုကျော်ထွေးရဲ့ သမီးဆိုရင် ညတိုင်းလှေပေါ်မှာ အိပ်ရပြီး နှင်းကျတဲ့ဒဏ်ကြောင့် ရက်ရှည်ချောင်းဆိုးနေပြီး ဆေးကုနေရတယ်လို့ ဆိုပါတယ်။
မိသားစုတွေ ရှာဖွေလုပ်ကိုင်စားသောက်ဖို့ ချန်ထားတဲ့ သူရဲ့နွား ၄ ကောင်ဟာလည်း ပျူစောထီးတွေ ခိုးယူသွားတာ ခံလိုက်ရပါတယ်။ ခုလို နွားအခိုးခံလိုက်ရမယ့်အစား အဲ့ဒီနွားတွေနဲ့ ရှိသမျှပစ္စည်းတွေရောင်းချ သေနတ်ဝယ်ပြီး ပျူစောထီးတွေကို မပစ်လိုက်ရကောင်းလားဆိုပြီးတော့လည်း သူက ခံပြင်းစိတ်ဖြစ်နေမိတယ်။
“(နွား ၄ ကောင်နဲ့)ရှိသမျှပစ္စည်းရောင်းချပြီး သေနတ်မဝယ်ခဲ့မိတာကို ကျွန်တော်နောင်တရတယ်” လို့ သူက ဆိုပါတယ်။
ဦးကျော်ထွေးတို့ မိသားစုအပါအဝင် စဉ့်အိုးကျွန်းပေါ်က ရွာသူ၊ ရွာသားတွေ ကမ္ဘာပျက်သလို ဒုက္ခတွေ ပင်လယ်ဝေနေချိန်မှာ စဉ့်အိုးကျွန်းရွာနဲ့ တမိုင်လောက်သာဝေးတဲ့ ရွာသာယာရွာကျေးရွာက ပျူစောထီးတွေကတော့ ကြံ့ခိုင်ရေးသီချင်းတွေ ကျယ်လောင်စွာဖွင့်ပြီး ပျော်ပါးကခုန်နေကြတဲ့ အသံတွေက ဟင်္သာမကျေးရွာအုပ်စုထဲမှာ ပျံ့လွင့်လို့ နေပါတယ်။
#မြေလတ်အသံ
#ဆောင်းပါး #သတင်းဆောင်းပါး #မန္တလေး #စဉ့်ကူး #ဟင်္သာမရွာ #စစ်တပ် #ပျူစောထီး #မီးရှို့ #ဒရုန်း #ဗုံးကြဲ #စစ်ရှောင် #ထွက်ပြေး
Share Share Share